ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ဝက်မွေးမြူခြင်းနှင့်စပ်လျဉ်း၍ ကယားပြည်နယ်၏ မြို့တစ်မြို့တွင် ပြည်ပမှ မျိုးကောင်းမျိုးသန့်ဝက်များ ၂ဝ၂ဝ ပြည့်နှစ်တွင် လေယာဉ်ဖြင့် ရောက်ရှိလာသည်။ မျိုးဝက်တစ်ကောင်၏ တန်ဖိုးသည် ဒေါ်လာရာဂဏန်းမှ ထောင်ဂဏန်းဝန်းကျင်အထိ တန်သည်ဟု ဆိုသည်။
မိမိတို့နိုင်ငံသည် ဝက်သားစားသူ အများစုရှိသည့်အတွက် ယခုလို ကမ္ဘာ့အဆင့်မီခြံမျိုးများ ရောက်ရှိလာသဖြင့် ကြိုဆိုရမည်ဖြစ်သည်။
သို့သော် မကြာပါ၊ မလှမ်းမကမ်းရှိကျေးရွာမှ ရွာသူရွာသားတချို့က ဝက်ချေးနံ့မခံနိုင်၍ ဆန္ဒထုတ်ဖော်သည်ဟု သိရသည်။ CH4 အနံ့ပြင်းကြောင်း ဖော်ပြခြင်းဖြစ်သည်။
ဆက်လက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ လူတစ်ဦးချင်းစီမှ CO2 မည်မျှ ထုတ်လွှတ်နေသည်ကို လေ့လာနိုင်ရန် အောက်ပါဇယားဖြင့် ဖော်ပြပေးပါမည်။
ဤဇယားအရ ချမ်းသာသော နိုင်ငံသားများသည် CO2 အများဆုံးထုတ်လွှတ်နေသည်ကို တွေ့ရမည်။
သစ်တောကဏ္ဍ CO2 ထုတ်လွှတ်မှုကို ဖော်ပြပါဦးမည်။
သစ်တောကဏ္ဍ CO2 ထုတ်လွှတ်မှု သစ်တောကဏ္ဍတွင် CO2 ထုတ်လွှတ်မှု၏ အဓိကအချက်မှာ ရွှေ့ပြောင်းတောင်ယာပြုလုပ်ရန် သစ်ပင်များခုတ်၍ တောမီးရှို့ခြင်းသည် အကြောင်းရင်း တစ်ရပ်ဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် သစ်တောမီးလောင်မှုသည်လည်း CO2 ထုတ်လွှတ်မှု၏ အဓိက အကြောင်းရင်းဖြစ်သည်။ မိမိတို့ မကြာခဏကြားနေရသည့်ဖြစ်ရပ်မှာ အင်ဒိုနီးရှားသစ်တောများ မီးလောင်ရာမှ မိုင်ရာပေါင်းများစွာဝေးသော အိမ်နီးချင်း စင်ကာပူ၊ မလေးရှားတို့အထိ ပြာမှုန်များနှင့် မီးခိုးများ ရောက်ရှိလာမှုကြောင့် လေယာဉ်ခရီးစဉ်များ ရွှေ့ဆိုင်းရခြင်း၊ ကျောင်းများပိတ်ရခြင်း၊ ပြည်သူများ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ပြီး သွားလာရခြင်းများ အကြိမ်ကြိမ်ကြားမိသည်။
တချို့ကလည်း ဆီအုန်းခြံများတိုးချဲ့စိုက်ပျိုးရာတွင် တောရှင်းခစရိတ် အကုန်အကျ သက်သာစေရန် တောမီးရှို့ကြသည်ဟုလည်း ဆိုသည်။ ၎င်းတောမီးသည် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး တစ်တောလုံး ကူးစက်သွားသည့် သာဓကများရှိသည်။ နှစ်စဉ် ကမ္ဘာ့သစ်တောကြီးများ မီးလောင်မှုမှာ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားကျယ်ပြန့်သည်။ အမေရိကန်ပြည်ထောင်စု၌ နှစ်စဉ်လောင်ကျွမ်းသော တောမီး အများစုသည် လူကြောင့်ဖြစ်ရသည်ဟု US Department of Interior ကဆိုသည်။
US National Interagency Fire ၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာပင် နှစ်အလိုက် တောမီးလောင်၍ ဆုံးရှုံးနေသော သစ်တောဧကမှာ သန်းချီရှိနေသည်ကို ၁၁ နှစ်စာခန့် ထုတ်နုတ်တင်ပြပါမည်။
အမေရိကန်ကဲ့သို့ ခေတ်မီပစ္စည်းများ၊ မီးသတ်စနစ်များ၊ လေ့ကျင့်ပေးထားသော မီးသတ်သမားများ ပြည့်ပြည့်စုံစုံရှိသည့် ကမ္ဘာ့ထိပ်သီး နိုင်ငံတစ်နိုင်ငံမှာပင် ၁၁ နှစ်အတွင်း တောမီးလောင်မှု အကြိမ်ပေါင်း ခုနစ်သိန်းခန့်ရှိသည်။ ဆုံးရှုံးသွားသော ဧရိယာအကျယ်အဝန်းမှာ ဧကသန်း ၈ဝ နီးပါးဖြစ်သည်။ ပျမ်းမျှအားဖြင့် နှစ်စဉ် သစ်တောဧကခုနစ် သန်းခန့် မီးလောင်နေသကဲ့သို့ ဖြစ်နေသည်။
ဆက်လက်ဖော်ပြပါမည်။