ပြည်သူများ လိုအပ်သော ကျန်းမာရေး စောင့်ရှောက် ဆေးကုသမှုများ ဆောင်ရွက်ပေး

 

ပြည်သူများ လိုအပ်သော ကျန်းမာရေး စောင့်ရှောက် ဆေးကုသမှုများ ဆောင်ရွက်ပေး

 

သဲကုန်း   သြဂုတ်   ၁၀

    ပဲခူးတိုင်းဒေသကြီး  သဲကုန်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့် ပြည်မြို့ ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းကာ  ဩဂုတ်လ ၁၀ ရက်တွင် ပြည်သူများလိုအပ်သော   ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်း ကျဆင်းစေရေးရည်ရွယ်၍ အထွေထွေရောဂါ ဝေဒနာခံစားနေရသော  လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌  အခမဲ့ကွင်းဆင်း ကုသပေးကြောင်း သိရသည်။

ထိုသို့ဆေးဝါးကုသပေးရာတွင် ပြည်မြို့ခုတင်-၅၀၀ ဆံ့အထွေထွေရောဂါကု ဆေးရုံကြီးမှ  အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာအေးသိန်းမြင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးမင်းထွေးတို့ ဦးဆောင်၍   နား၊  နှာခေါင်း၊ လည်ချောင်း၊ အရိုး၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ မျက်စိအထူးကု၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးနှင့် အထွေထွေရောဂါကု သမားတော်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့တို့က သဲကုန်းမြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အထွေထွေရောဂါ ဝေဒနာခံစားနေရသော   လူနာများအား  ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ   ပေးအပ်ခြင်း၊ လိုအပ်သည့်ဆေးကုသမှုများ  ညွှန်ကြားပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ဆေးလာရောက် ကုသသည့်လူနာများအား လိုအပ်သည်များ  ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

Dates: 
Sunday, August 11, 2024 - 10:03