MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်
MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ဗိုလ်ချုပ်လမ်း နာရီစင်၌ ဒေသခံပြည်သူများ စုရုံး၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် အကြမ်းဖက် MNDAA၏ လူမဆန်သော ရက်စက် ယုတ်မာမှုများကို တိုင်းရင်းသားပြည်သူများမှ ကန့်ကွက်ရှုတ်ချပါသည်၊ အကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့အစည်းများအား တိုင်းရင်းသား အဖွဲ့အစည်းများမှ အလိုမရှိ၊ နိုင်ငံတော်အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး (ဒို့အရေး)၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း (ချက်ချင်းရပ်)၊ စစ်ရေးပစ်မှတ် မဟုတ်သော အများပြည်သူနေရာများအား ပစ်ခတ်ခြင်း (ချက်ချင်းရပ်)၊ MNDAA ၏ လူမဆန်သော ရက်စက် ယုတ်မာမှုများ (ချက်ချင်းရပ်)၊ မြန်မာ့တပ်မတော်၏ တရားသောစစ် (အောင်ရမည်) စသည့်ပိုစတာများနှင့် CRPH၊ NUG၊ PDF ၊MNDAA၊ AA၊ TNLA တို့၏ အကြမ်းဖက်လုပ်ရပ်ဓာတ်ပုံများ ကိုင်ဆောင်၍ သတ်မှတ်နေရာတွင် နေရာယူကြပြီး နိုင်ငံတော်အလံကို အလေးပြုကြကာ နိုင်ငံတော်သီချင်းကို စုပေါင်းသီဆိုကြသည်။
ထို့နောက် ဆရာတော်တစ်ပါးက MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် အပေါင်းပါ အဖွဲ့အစည်းများကို ဆန့်ကျင်ရှုတ်ချကြောင်း ဟောပြောကာ လှိုင်းဘွဲ့မြို့နယ်မှ ပြည်သူတစ်ဦးက MNDAA အကြမ်းဖက် သောင်းကျန်းသူများနှင့် အပေါင်းပါ အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ကရင်ဘာသာဖြင့် ဟောပြောသည်။
ထို့နောက် နိုင်ငံတော်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ အကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့အစည်းများအာ (အလိုမရှိ)၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း (ချက်ချင်းရပ်)၊ စစ်ရေးပစ်မှတ် မဟုတ်သောအများ ပြည်သူနေရာများအား ပစ်ခတ်ခြင်း (ချက်ချင်းရပ်)၊ MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ (ချက်ချင်းရပ်) ၊မြန်မာ့တပ်မတော်၏ တရားသောစစ် (အောင်ရမည်) စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။