(၁၆)ကြိမ်မြောက် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၏ ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ် ၁၀
(၁၆)ကြိမ်မြောက် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၏ ဒုတိယနေ့ကို ဩဂုတ် လ ၉ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Center တွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး ဒုတိယနေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးအား“Digital Transformation in Health Care” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတနိုင်ငံသည် ကျန်းမာရေးစနစ်တွင် ဒစ်ဂျစ်တယ် ပြောင်းလဲမှုအတွက် စံနမူနာပြနိုင်ငံ တစ်ခုဖြစ်သည့်အတွက် အာဆီယံနိုင်ငံများ အနေဖြင့် ကိုရီးယား သမ္မတနိုင်ငံကဲ့သို့ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် သတင်းအချက်အလက်များ အပြန် အလှန်ဖလှယ်ချိတ်ဆက် အသုံးပြုနိုင်သည့်စနစ်များကို အတူတကွဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (၁၀)ကြိမ်မြောက် အာဆီယံ + ၃ ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးကို “Strengthening ASEAN Health Security through Digital Innovations for Cross-Border Health Emergencies in the Next Context Post Pandemic” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးရာတွင် အာဆီယံ+၃ မိတ်ဖက်နိုင်ငံများအကြား ဒစ်ဂျစ်တယ် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်စနစ်ကို ပူးပေါင်းတည်ထောင်ခြင်းဖြင့် သတင်းအချက်အလက်များ၊ ကောင်းမွန် သော လုပ်ထုံးလုပ်နည်းများနှင့် အရင်းအမြစ်များကို ထိထိရောက်ရောက် မျှဝေသုံးစွဲနိုင်ရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် (၉)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “Strengthening Health System and Access to Health Care” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံ-တရုတ် ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များမှ တစ်ဆင့် ဒေသတွင်းနိုင်ငံများ အကြား ပိုမိုကျန်းမာသော အာဆီယံအသိုက်အဝန်း တစ်ခုအား တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများ အထူးအစည်းအဝေးကို “Advancing Optimal Health and Well-Being in the ASEAN Region” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက အမေရိကန်နိုင်ငံနှင့် ကျန်းမာရေးဖွံ့ဖြိုးမှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အတွေ့အကြုံနှင့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေတွင် စိန်ခေါ်မှုများ တွေ့ကြုံနေရပါကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် ဆေးရုံ၊ ဆေးပေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသကဲ့သို့ ကျန်းမာရေး ဝန်ထမ်းအများအပြား အသက်ဆုံးရှုံး ဒဏ်ရာရရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့တိုက်ခိုက်ဖျက်ဆီး ခံရမှုများရှိသော်လည်း နိုင်ငံတော်အနေဖြင့် ဆေးရုံဆေးခန်းများ အပါအဝင် အခြေခံ အဆောက်အဦများ အသစ်တည်ဆောက် ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများအား ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ တိုးချဲ့ ခန့်ထားခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံး မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားပြီး ဆောင်ရွက်သင့်ပါကြောင်း၊ အာဆီယံ အဖွဲ့အနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် အာဆီယံဗဟိုပြုမှု၊ အပြန်အလှန်လေးစားမှုနှင့် မျှဝေတာဝန်ယူမှုကို အခြေခံရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြိုတင်ကန့်သတ်ချက် မရှိသော အကူအညီပေးခြင်းများကို ကြိုဆိုပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး အပြုသဘောဆောင်သည့် ကူညီထောက်ပံ့မှုများကို တစ်ပြေးညီရရှိနိုင်ရေး အလေးထားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် (၁၀)ကြိမ်မြောက် အာဆီယံ+၃ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်း၊ ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်း၊ (၉)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်း၊ အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများ အထူးအစည်းအဝေး ပူးတွဲကြေညာ စာတမ်းများကို အတည်ပြုထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့တက်ရောက်လာသော အာဆီယံနှင့်မိတ်ဖက်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ Land-mark Mekong Riverside Hotel ၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Bounfeng Phou-mmalaysith က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးများနှင့် ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။