ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမြစ်ချင်းပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရ
ပန်းတနော် ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမြစ်ချင်းပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ်၌ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မာမာအေး၏ ပြောပြချက်အရ သိရသည်။
ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက် သို့ ဇွန်လအတွင်းက ငါးမြစ်ချင်းပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ ငါးမြစ်ချင်းပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချသည့် ငါးမြစ်ချင်းများကို ရန်ကုန်ဈေးကွက်မှ အဝယ်လိုက်နေကြောင်း သိရသည်။
"ပန်းတနော်မြို့နယ်ကနေ ရန်ကုန် ဈေးကွက်ကို ရေထွက်ကုန်ပစ္စည်းတွေ အဆက်မပြတ် တင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်လအတွင်း ငါးမြစ်ချင်း ပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချ ခဲ့ရပါတယ်။ လက်ရှိ ဩဂုတ်လထဲမှာ လည်း ရန်ကုန်ဈေးကွက်က ဝယ်လိုအားကောင်းနေပါတယ်။ ပန်းတနော်မြို့နယ်က ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ငါးမြစ်ချင်း အပါအဝင် တခြားရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချပါတယ်" ဟု ဒေါ်မာမာအေးကပြောသည်။
ပန်းတနော်မြို့နယ်မှ ရေထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်ရေထွက် ကုန်ပစ္စည်းများကိုဝယ်ယူပြီး စနစ်တကျ စစ်ဆေး သန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ ကုန်တင်ယာဉ်များဖြင့် အများဆုံး တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။