ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
အမှန်မှာ ကမ္ဘာကြီးပူနွေးမှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဖြစ်ပေါ်စေသောနိုင်ငံများမှာ အမေရိကန်၊ တရုတ်နှင့် ဥရောပနိုင်ငံများပင်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်သည် နှစ်စဉ် ကမ္ဘာ့ CO2 ပမာဏ၏ ၄၃ ရာခိုင်နှုန်းကိုလည်းကောင်း၊ ဥရောပနိုင်ငံများက ၂၇ ရာခိုင်နှုန်းကို လည်ကောင်း အသီးသီး ထုတ်လွှတ်နေကြသည်။
COP21 ၏ လုပ်ငန်းစဉ်မှာ နိုင်ငံတိုင်းက မိမိနိုင်ငံ အခြေအနေအရ သီးခြားစဉ်းစားပြီး ငါးနှစ်တစ်ကြိမ် သိသာသော ခြေလှမ်းများ တင်ပြကြရန်ဖြစ်သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင်တက်လာသော American First ဟုဆိုသော သမ္မတကြီးက COP21 မှ နုတ်ထွက်ခဲ့သည်။ လက်မှတ်ထိုးပြီး ပြန်လည်နုတ်ထွက်သည့် နေရာတွင်လည်း American First ဖြစ်ခဲ့သည်။ ယခု ပြန်လည်ပူးပေါင်းပြန်ပြီဟုဆိုသည်။ ဤဖြစ်ရပ်ကိုကြည့်ပါက CO2 လျှော့ချရေးကို လုပ်ရကောင်းမှန်းသိသည်။
သို့သော် CO2 လျှော့ချမှုကို အင်တိုက်အားတိုက် လုပ်လိုက်သည့်နိုင်ငံသည် ရုတ်တရက်စီးပွားရေး တန့်သွားနိုင်သည်ကို အားလုံးက သိနေကြ၍ အသံသာကျယ်ပြီး လက်တွေ့ဆောင်ရွက်ရန် လက်တွန့်နေကြခြင်း ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုသည် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား နှစ် ၃၀ အတွင်း ၉၇ မီလီမီတာ(၄ လက်မခန့်) မြင့်တက်လာသည်ဟု အမေရိကန်နိုင်ငံ National Aeronautic and Space Administration (NASA)၏ ထုတ်ပြန်ချက်အရ သိရသည်။ ၁၉၀ဝ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်ကြားတွင် မီလီမီတာ ၂၀ဝ ခန့် (သုည ဒသမ ၆၅ ပေ) မြင့်တက်လာသည်ဟုဆိုသည်။
ခန့်မှန်းမှုများကတော့ မျိုးစုံကွဲပြားနေကြသည်။ ၂၁၀ဝ ပြည့်နှစ်တွင်မူ ပင်လယ်ရေမျက်နှာပြင်သည် ၂ ဒသမ ၄ မီတာ(၈ ပေ)အထိ မြင့်တက်မည်ဟု ဆိုသူများပင်ရှိသည်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ မီယာမီ (Miami)မြို့၊ နယူးဂျာစီပြည်နယ်မှ အတ္တလန်တစ် ( Atlantic)မြို့၊ ဖလော်ရီဒါ ပြည်နယ်မှ ကီးဝက်စ် (Key West)မြို့၊ တက္ကဆက်ပြည်နယ်မှ ဂယ်ဗီတွန်(Galveston)မြို့၊ ဝါရှင်တန်ပြည်နယ်မှ ဆီတဲလ် (Seattle)မြို့၊ ဖလော်ရီဒါပြည်နယ်မှ စိန့်ပီတီကမ်းခြေ (St.Pete Beach)၊ ဂျော်ဂျီယာပြည်နယ်မှ တိုင်ဘီကျွန်း(Tybee Island)ထက်ဝက်ခန့်၊ တောင်ကာရိုလိုင်းနားမှ ချာလီစတွန် (Charleston Central )မြို့ ထက်ဝက်ခန့်၊ လူစီရာနာပြည်နယ်မှ နယူးအောလင်(New Orleans)မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်မှ လော့စ်အိန်ဂျလိစ် (Los Angeles)မြို့ တစ်စိတ်တစ်ပိုင်း၊ ကယ်လီဖိုးနီးယားပြည်နယ်မှ ဆန်ဒီယာဂို (San Diego) မြို့ ကမ်းခြေနှင့်လမ်းများ၊ ဖလော်ရီဒါပြည်နယ်မှ ဖို့တ်လောက်ဒါဒေး (Fort Lauderdale)မြို့၊ နယူးဂျာစီပြည်နယ်မှ ဟိုဘိုကန် (Hoboken)မြို့၊ ဟာဝိုင်ရီကျွန်းမှ ဟိုနိုလူလူ(Honolulu)မြို့၊ နယူးယောက်ပြည်နယ်မှ နယူးယောက် (New York)မြို့ စသည့်မြို့ကြီးများ၏ အစိတ်အပိုင်း အတော်များများသည် ၂၁၀ဝ ပြည့်နှစ်အတွင်း ပင်လယ်ရေအောက်မြုပ်သည်အထိ ခံစားကြရလိမ့်မည်ဟု ဆိုသည်။
အလားတူပင် တချို့ကျွန်းနိုင်ငံများအပါအဝင် မိမိတို့နှင့်အလှမ်းမဝေးသော နိုင်ငံတချို့၏ ပင်လယ်ကမ်းစပ်မြို့ကြီးများ ပင်လယ်ရေအောက်သို့ နောင်အနှစ် ၁၀ဝ အတွင်း ရောက်ရှိသွားနိုင်သည်။ ဤသည်မှာ ဝင်ရိုးစွန်းရေခဲတောင်များ အရည်ပျော်ဆင်းမှုမြင့်မားခြင်း၏ အကျိုးဆက်ဖြစ်သည်။
နောက်ထပ်တွေ့ကြုံလာရမည့်ဒုက္ခမှာ ကြီးမားသောမုန်တိုင်း၊ မမျှော်လင့်ထားသော မိုးရေချိန်လက်မတို့ ဖြစ်ပေါ်လာမည်။ အကြောင်းမှာ ပင်လယ်ရေပို၍ပူလာလျှင် ပို၍အငွေ့ပျံမည်။ ရေငွေ့ပိုထွက်လာမည်။ မုန်တိုင်းများ၊ တိမ်တိုက်ကြီးများ ပုံမှန်ဖြစ်စဉ်ထက် ပို၍ ကြီးမားမည်။
အရေးအကြီးဆုံး ကိစ္စရပ်တစ်ခုကို အကြံပေးလိုသည်။ ၎င်းမှာ ဆောင်ရွက်ထားပြီးသော ရေလှောင်တမံများ၏ အခြေအနေတွေကို ပြန်လည်ဆန်းစစ်ရန် လိုလာပါပြီ။ မူလရေပိုလွှဲအရွယ်များကို ပြန်လည်၍ တိုးချဲ့ပြုပြင်ခြင်း သို့မဟုတ် နောက်ထပ်အကူရေပိုလွှဲပြုလုပ်ပေးခြင်း၊ တာတမံများပေါ်မှ ရေအလွယ်တကူ ကျော်မကျနိုင်စေရန် လိုအပ်သော အစီအစဉ်များ ဆောင်ရွက်မှုများကို ယခုပင်စတင်သင့်ပြီဖြစ်သည်။ မူလဖြစ်နိုင်ခြေအမြင့်ဆုံးစီးဝင်ရေမျှော်မှန်းချက် (Flood)များကို လက်ရှိအခြေအနေအရ ပြန်လည်စဉ်းစား တွက်ချက်ပြီး အကာအကွယ်များ ပြုလုပ်သင့်ပြီဖြစ်သည်။ တာတမံ တစ်ခုခုဖြစ်လျှင် ရေလှောင်ပမာဏ အပေါ်မူတည်ပြီး လူဦးရေသိန်းချီ၍ ဒုက္ခရောက်သွားနိုင်သည်ကို တာဝန်ရှိသူများ မမေ့လျော့သင့်ကြောင်း ထပ်လောင်းအကြံပြုပါသည်။ နောင်တည်ဆောက်မည့် တာတမံများတွင်လည်း ဤကိစ္စအထူး အလေးအနက် ထားစေလိုသည်။
စိုက်ပျိုးရေးကဏ္ဍတွင် ပုံမှန်ထက်ထူးခြားသော မိုးရွာသွန်းမှုများ၊ ပုံမှန်ထက်ပို၍ ပူပြင်းမှုများကြောင့် စိုက်ပျိုးရေးထွက်ကုန်များ ကမောက်ကမဖြစ်လာနိုင်သည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားရသော နိုင်ငံတချို့တွင် မမျှော်လင့်ဘဲ စီးပွားရေးအခက်အခဲ၊ နိုင်ငံရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။
နှစ်စဉ် ပုံမှန်ထက်ပို၍ ပူသောရက်များ ကြုံလာရနိုင်သည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Death Valley National Park တွင် အပူချိန်မှာ ၅၄ ဒသမ ၄ စင်တီဂရိတ် (၁၃၀ ဒီဂရီဖာရင်ဟိုက်)အထိ ပူပြင်းမှုသည် ၂၀၁၃ ခုနှစ်က ပူခဲ့သော ၅၄ ဒီဂရီစင်တီဂရိတ်ကို စံချိန်ချိုးခဲ့ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနောက်တောင်ဘက် တစ်လျှောက် အပူလှိုင်းဖြတ်ခဲ့သည်။ လူများပြင်ပတွင် နေထိုင်၍မရသည့် အပူချိန်ဖြစ်သည်။ လူတစ်ဦးသည် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းသော ပတ်ဝန်းကျင်တွင်ပင် အန္တရာယ်အလွန်များလာပြီဟု မှတ်ယူထားသင့်သည်။
မြန်မာနိုင်ငံရှိ အပူဆုံးမြို့တစ်မြို့၏ အပူချိန်ထက် ၁၀ ဒီဂရီစင်တီဂရိတ်ကျော် ပိုနေသေးသော အမေရိကန်မြို့ကြီးများ အများအပြားရှိလာသည်။
ရာသီဥတုပူပြင်းမှုကြောင့် အဆိုးဆုံးမှာ ရေချိုရှားပါးမှုကြုံကြရမည်၊ ပုံမှန်ထက် အသက်တိုလာမည်၊ အနာပေါလာမည်၊ ကပ်ရောဂါများ ကျယ်ပြန့်လာနိုင်သည် စသည့်ပြဿနာများ ဆက်တိုက်ကြုံကြရလိမ့်မည်။
ရာသီဥတုပူပြင်းလာသည်နှင့်အမျှ သစ်တောများမီးလောင်မှု ပိုများလာမည်။ သစ်တောများသည် လူတို့၏ နေ့စဉ်ဘဝ လိုအပ်ချက်များဖြစ်သော ရာသီဥတုအေးမြစေရေး၊ စားဝတ်နေရေးတို့ကို ပံ့ပိုးပေးနေသကဲ့သို့ ကမ္ဘာ့လေထုထဲမှ CO2 ကိုလည်း စုပ်ယူပေးနေသည်။
အောက်ဆီဂျင်ကိုလည်း ထုတ်လုပ်ပေးနေသည်။ မိုးရွာသွန်းမှုကြောင့် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်မည့် မိုးရေကိုထိန်းပေးပြီး မြစ်ချောင်းများ သဲနုန်းပို့ချမှုကိုလည်း လျော့ပါးစေသည်။ ရွာသွန်းမိုးကိုလည်း မြေအောက်သို့ စိမ့်ဝင်စေရန် သစ်တောများက ထိန်းပေးထား၍ စိမ့်ရေ၊ စမ်းရေ၊ မြေအောက်ရေများလည်း ပြန်လည်ပြည့်ဖြိုးစေသည်။
မိုးရေကိုချက်ချင်းစီးဆင်းမသွားစေရန် ထိန်းထားခြင်းဖြင့် မြစ်ချောင်းများ ရုတ်တရက်ရေကြီး ရေလျှံမှုကိုလည်း ကာကွယ်ပေးသည်။
ဤအကျိုးပြုနေသောသစ်တောများ တောမီးကြောင့် ပြုန်းတီးနေမှုကို နမူနာအဖြစ် အမေရိကန်နိုင်ငံကို ဥပမာပြခဲ့ပြီးဖြစ်သည်။ ဩစတြေးလျအပါအဝင် နိုင်ငံကြီးအတော်များများတွင် ဤဒုက္ခခံနေရပြီဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။