ယခုဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း၂၅၀ ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ငါးသိန်းကျော် တင်ပို့
ရန်ကုန် ဩဂုတ် ၁၁
ယခုဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅ဝ ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ငါးသိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် ၅၁ဝ၉၁၁ ဒသမ ၅၅ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅၆ သန်းရရှိထားသည်။
ထိုသို့တင်ပို့ရာတွင် ဇူလိုင်လအတွင်း တင်ပို့မှု အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် ၁၆၅၄၄၄ ဒသမ ၃ တန်အထိ တင်ပို့ထားနိုင်ကြောင်း၊ ဆန်နှင့် ဆန်ကွဲများတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေခြင်းဖြစ်ကာ ဇူလိုင်လအတွင်း ကုမ္ပဏီပေါင်း ၄၁ ခုမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆန်ကို အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံသို့တင်ပို့နိုင်ခဲ့ပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့တင်ပို့ ရာတွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်မက်ထရစ်တန် ၃ဝဝဝဝ ဖြင့် အများဆုံး တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲမက်ထရစ်တန် ၄၅ဝ၆၅ တန်ဖြင့် အများဆုံး တင်ပို့ထားကြောင်း သိရသည်။