ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၌ ပဉ္စမအကြိမ် ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ
ရန်ကုန် ဩဂုတ် ၁၁
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ဂေါပကအဖွဲ့ရုံး ၀န်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ ပဉ္စမအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါစေတီတော် ဆိပ်ကမ်းလုပ်သား ပေါင်းစုံဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့၀င် ဦးအောင်မြတ်က သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ၀မ်းသာပီတိစကား ပြောကြားသည်။
ထို့နောက် အမျိုးသားသွေးလှူဌာနမှ ဒေါက်တာသန္တာက သွေးလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သွေးလှူဒါန်းကြမည့် စေတီတော်ဂေါပကရုံး ၀န်ထမ်းများနှင့် ဘုရားဖူးလာ သွေးလှူရှင်ပြည်သူများအား အမျိုးသားသွေးလှူဌာနမှ တာ၀န်ခံဆရာ၀န် များနှင့် ကျန်းမာရေး၀န်ထမ်းများက သွေးအမျိုးအစား ခွဲပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက ဂေါပကရုံး၀န်ထမ်းများ နှင့် ဘုရားဖူးလာပြည်သူများ သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့သွေးလှူဒါန်းကြသည့် သွေးလှူရှင်များကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တီရှပ်အင်္ကျီများ၊ အလှူရှင်များက အအေး၊ ကြက်ဥ၊ ငှက်ပျောသီး၊ နွားနို့စသည့် အာဟာရအစားအစာများ၊ အမျိုးသားသွေးလှူဌာနမှ သံဓာတ်အားဆေး စသည် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။