ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး

 

ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး

 

လွိုင်ကော်   ဩဂုတ်   ၁၁

    ကယားပြည်နယ်အတွင်း ပြန်လည် တာဝန်ထမ်းဆောင်နေကြသည့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်  ပြည်နယ် ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ခုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံ ကြီးခန်းမ၌ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ဆေးရုံကြီး အထောက်အကူပြု အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြော ကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဆေးရုံ အုပ်ကြီး ဒေါက်တာစည်သူက ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံ ကြီးတို့၏ လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအမံများအား ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျန်းမာရေး ဝန်ထမ်းများအား  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများက   လိုအပ်သည်များကို တင်ပြခဲ့ကြရာ   ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပြည်နယ်ပြည်သူ့ ဆေးရုံကြီးအတွင်း တက်ရောက်ကုသနေသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေး၍ လူနာတစ်ဦးချင်း၏  ရောဂါအခြေအနေများကို အသေးစိတ်မေးမြန်းကာ ထောက်ပံ့ ငွေနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေရောဂါကု ပြင်ပလူနာဌာနသို့ သွားရောက်၍ ဆေးကုသ မှုခံယူရန် ရောက်ရှိနေသည့် ပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခြင်း၊  နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ ၊ သွားနှင့်ခံတွင်း ကုသဆောင်များ တွင် လူနာများအား ဆေးဝါးကုသပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံကြီးအတွင်းရှိ  ကလေးရောဂါကုသ ဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဓာတ်မှန်ခန်းများ၊ ဓာတ်ခွဲခန်းများအဆောင်၊ ကျောက်ကပ် သန့်စင်ခန်း ၊ ဆေးသိုလှောင်ရေးဌာနများ သို့သွားရောက်၍ ဆေးကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား  ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ဆေးရုံကြီးအောက်ဆီဂျင် စက်ရုံသို့ သွားရောက်စစ်ဆေး ကြည့်ရှုပြီး စက်များကြံ့ခိုင်မှုစစ်ဆေးခြင်း၊ အမြန်ဆုံးပြန်လည် လည်ပတ်သုံးစွဲနိုင်ရေးအတွက် လိုအပ်သည်များ  ပံ့ပိုးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Dates: 
Monday, August 12, 2024 - 10:05