၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်မှ ထင်ရှားကျော်ကြား အမျိုးသမီးစွမ်းဆောင်ရှင် အားကစားသမားများ

 

၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်မှ ထင်ရှားကျော်ကြား အမျိုးသမီးစွမ်းဆောင်ရှင် အားကစားသမားများ

 

    ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစား ပွဲတော်မှာ ပထမဆုံးသော ထင်ရှားမှုတစ်ခုက အမျိုးသားအားကစားသမားနဲ့ အမျိုး သမီး  အားကစားသမား အရေအတွက် ညီတူညီမျှ ပါဝင်ခြင်းဖြစ်ပါတယ်။

ဒီတစ်ချက်က ဘာကိုဖော်ပြလဲဆိုတော့ အမျိုးသမီးများသည်လည်း အမျိုးသားများ နည်းတူ အားကစားကဏ္ဍမှာ အရည်အချင်းရှိစွာ စွမ်းဆောင်လာနိုင်ပြီလို့ ဆိုနိုင်တဲ့အချက်ပါပဲ။

ပဲရစ်အိုလံပစ်မှာ လာရောက်ယှဉ်ပြိုင်ကြတဲ့ အမျိုးသမီး အားကစားသမားတွေဟာ စံချိန်အသစ်တွေ တင်နိုင်တယ်။ သမိုင်းမှတ်တိုင်အသစ်တွေကို စိုက်ထူလိုက်နိုင် တာကိုတွေ့ရပါတယ်။

ဒါကြောင့် ပဲရစ်အိုလံပစ် အားကစားပွဲတော်မှာ ထင်ရှားကျော်ကြားပြီး ဆုတံဆိပ် တွေဟာ သူတို့နဲ့ထိုက်တန်ကြောင်း သူတို့ ရဲ့စွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်ပြသသွားကြတဲ့ အမျိုးသမီးစွမ်းဆောင်ရှင် အားကစားသမားများ   အကြောင်းကို တင်ပြပေးလိုက်ရပါတယ်။

ဂျော်ဂျီနာဘရေးရှော

    ဂျော်ဂျီနာဘရေးရှောဟာ အသက် ၁၅ နှစ်အရွယ်တုန်းက မြင်းစီးစဉ် မတော်တဆ ဖြစ်ပြီး ဦးခေါင်းထိခိုက်သွားတဲ့အတွက် ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်း အကြောသေကာ လမ်းတောင်မှပြန်မလျှောက်နိုင် လောက်တော့ဘူးလို့ သူ့ကိုယ်သူ ထင်ခဲ့သူပါ။

ဒါပေမဲ့လည်း တက္ကသိုလ်တက်စဉ်မှာ သူဟာ အိုလံပစ်ပွဲအတွက် လှေလှော်အား ကစားနည်း လူရွေးပွဲမှာ ပါဝင်အရွေးခံခဲ့ရာ သူ့ရဲ့ပင်ကိုစွမ်းရည်တွေကို  ထုတ်ဖော် ပြသနိုင်ခဲ့တဲ့အတွက် သူ့ရဲ့အသင်းဖော် များနဲ့အတူ အိုလံပစ် အားကစားပွဲဆီကို ရောက်လာခဲ့ပါတယ်။

သူတို့အသင်းက လေးယောက်တွဲလှေ လှော်ပြိုင်ပွဲမှာ နယ်သာလန်အသင်းကို ကျော်တက်ပြီး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ ပါတယ်။

ဗြိတိန်နိုင်ငံမှ အားကစားသမားဖြစ်တဲ့ ဂျော်ဂျီနာဘရေးရှောကတော့ သူ့အနေနဲ့ နောက်ကွယ်ကနေ အားပေးမှုတွေအပေါ် ယုံကြည်မှုကြောင့် အခုလိုမျိုးအောင်မြင် မှုကိုရရှိခဲ့တာဖြစ်တယ်လို့ ပြောထားတာ တွေ့ရပါတယ်။

ဂျူလီယန်အယ်ဖရတ်

    ဂျူလီယန်အယ်ဖရတ်ဆိုတာ စိန့်လူရှားနိုင်ငံမှအပြေးသမားပါ။ သူဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ငွေတံဆိပ်ဆုတို့ကို ရရှိခဲ့ သူပါ။စိန့်လူရှားဆိုတဲ့ နိုင်ငံက ကာရေဘီယံ ပင်လယ်ထဲက မထင်မရှားနိုင်ငံလေးပါ။ အဲဒီလိုနိုင်ငံလေးကလာတဲ့ ဂျူလီယန်အယ် ဖရတ်တစ်ယောက် သူ့ရဲ့ဘဝတစ်လျှောက် လုံးကို    ခြေဗလာဖြင့်ပြေးခြင်းနဲ့သာ လှုပ်ရှားခဲ့ရသူပါ။

သူဟာ ကျောင်းတက်ရင်လည်း ပြေးရတယ်။ တစ်ခုခုသွားဝယ်လည်း ပြေးသွားရတယ်။ ဘယ်နေရာကိုသွားသွား ပြေးသွားရသူဖြစ်တဲ့အပြင် အဲဒီလိုပြေးရာမှာလည်း ခြေဗလာနဲ့ပါပဲ။

သူတို့ဆီမှာရှိတဲ့ အားကစားကွင်းလေးက ပြည့်စုံမှုတွေ မရှိတဲ့အတွက် အခုရတဲ့ ရွှေတံဆိပ်ဆုဟာ  စိန့်လူရှားနိုင်ငံမှာ အားကစားကွင်း ကောင်းကောင်းတစ်ခုကိုတော့ ဆောက်ပေးနိုင်ကောင်းပါရဲ့လို့ ယုံကြည်ထားတယ်လို့ သူကဆိုပါတယ်။

လျူဟွန်း

    လျူဟွန်းဟာ တရုတ်နိုင်ငံမှ ပြေးခုန်ပစ် အားကစားသမားဖြစ်သလို ပြိုင်ပွဲတိုင်း မှာလည်း ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထူးခြားချက်က တရုတ်နိုင်ငံရဲ့ အိုလံပစ်ပြိုင်ပွဲဝင်အသက် အကြီးဆုံး အားကစားသမား ဖြစ်နေခြင်းပါ ပဲ။

လျူဟွန်းအတွက် အခုအိုလံပစ် အားကစားပွဲတော်က ပဉ္စမမြောက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ အိုလံပစ်အားကစားပွဲဖြစ်ပါတယ်။  အိုလံပစ်အားကစားပွဲတော်ကို လေးနှစ်တစ်ကြိမ်   ကျင်းပတာကြောင့် သူ့ရဲ့အိုလံပစ်အားကစားသမား သက်တမ်းက အနှစ် ၂၀ ရှိနေပါပြီ။

၂၀၂၈ ခုနှစ် အိုလံပစ်အားကစားပွဲတော် မှာတော့ သူ့အနေနဲ့ ပါဝင်နိုင်ဖို့ တော်တော် လေး ခက်ခဲလိမ့်မယ်ဆိုပြီးတော့ ပြောထားပါတယ်။

ဆင်မွန်းဘိုင်း

    ဆင်မွန်းဘိုင်းဆိုတာက အမေရိကန် ပြည်ထောင်စုမှ ကျွမ်းဘားအားကစားမယ် တစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်မှာ စိတ်ကျန်းမာရေး အခြေ အနေအရ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့သလို အဲဒီ နောက်ပိုင်းမှာလည်း ပြင်းထန်တဲ့ဝေဖန်မှု တွေနဲ့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် အိုလံပစ်အားကစား ပွဲတော်မှာတော့ အဲဒီဝေဖန်မှုတွေ အားလုံး အဆုံးသတ်သွားအောင် ကျွမ်းဘားအားကစား လေးမျိုးမှာ ရွှေတံဆိပ်သုံးခုနဲ့ ငွေတံဆိပ်တစ်ခုတို့ကို သိမ်းပိုက်ပြလိုက်နိုင်ပါတယ်။

ဆင်မွန်းဘိုင်းရဲ့ အမျိုးသမီးထု အတွက် အမှာစကားကတော့ "ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်မှုတွေ ကြီးကြီးမားမားရရှိအောင် လုပ်စရာရှိတာကို ဆက်လုပ်ပါ။ စိတ်ပိုင်းနဲ့ ကိုယ်ပိုင်းကျန်းမာကြံ့ခိုင်နေသမျှ ကာလပတ်လုံး အိပ်မက်တွေကိုအကောင်အထည် ဖော်နိုင်ပါလိမ့်မယ်" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ယေလာဂူရာမာဇနိုဗာ၊ နာဒါဟာဖက်

    ယေလာဂူရာမာဇနိုဗာနဲ့ နာဒါဟာဖက် တို့က  နိုင်ငံချင်းလည်း မတူသလို ပါဝင် ယှဉ်ပြိုင်ကြတဲ့ အားကစားနည်းချင်းလည်း မတူကြပါဘူး။ ယေလာဂူရာမာဇနိုဗာက ဥဇဘက်ကစ္စတန်မှ မြားပစ်အားကစားသမား။ နာဒါဟာဖက်က အီဂျစ်မှ ဓားရေး ပြ အားကစားသမားဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့မှာတူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ နှစ်ယောက် စလုံးက ကိုယ်ဝန်အရင့်အမာနဲ့ကို အိုလံပစ် အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြ ခြင်းပဲဖြစ်ပါတယ်။

ယေလာဂူရာမာဇနိုဗာက ကိုယ်ဝန် ခြောက်လခွဲနဲ့ နာဒါဟာဖက်က ကိုယ်ဝန် ခုနစ်လရှိနေပါပြီ။ ယေလာဂူရာမာဇနိုဗာ က သူ့အနေနဲ့ နောက်ဆုံးအနိုင်ယူမယ့် မြားကိုမပစ်ခင်   ဗိုက်ထဲကကလေးက သူ့ကိုကန်လိုက်တာကို ခံစားလိုက်ရပါတယ် လို့ အပြုံးပန်း ဝေဝေဆာဆာဖြင့် ပြန်ပြော ပြထားပါတယ်။

ကျန်းချင်းဝမ်

    ကျန်းချင်းဝမ်ဆိုတာက တရုတ်နိုင်ငံမှ တင်းနစ်အကျော်အမော်ပါ။ ပြိုင်ပွဲအတွင်း အမျိုးသမီးတစ်ဦးချင်း  တင်းနစ်ပြိုင်ပွဲမှာ ခရိုအေးရှားကိုအနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

သူရယူနိုင်ခဲ့တဲ့ရွှေတံဆိပ်ဆုဟာ အာရှ နိုင်ငံသား တစ်ဦးအနေနဲ့   အိုလံပစ်အားကစား ပွဲတော်ရဲ့အမျိုးသမီးတစ်ဦးချင်း အားကစားပွဲမှာ ပထမဆုံး ရွှေတံဆိပ်ဆုကို ရရှိခြင်းဖြစ်ပါတယ်။

"အိပ်မက်နောက်ကိုလိုက်ပြီး အကောင်အထည်ဖော်ရာမှာ ရည်မှန်းချက်တွေကိုချ မှတ်ရပါတယ်။ ဒါပေမဲ့ အိပ်မက်ကိုအရယူ မယ့်ခရီးလမ်းတစ်လျှောက်မှာတော့ ခက်ခဲမှုတွေ၊ အတားအဆီးတွေကိုတွေ့ရမှာပါ။ သို့ပေမယ့်လည်း ရှုံးနိမ့်မှုတိုင်းက အောင် မြင်မှုဆီသွားမယ့် လှေကားထစ်ဖြစ်တာကြောင့် ပျော်ပျော်ကြီးသာ ရှေ့ဆက်သွား ပါ" ဆိုပြီး အမှာစကား ပြောထားတာကို တွေ့ရပါတယ်။