MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့်   လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင် လုပ်သားရရှိရေးအတွက် အလုပ်ရှင်များအနေဖြင့် အလေးထားစီမံဆောင်ရွက်

MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့်   လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင် လုပ်သားရရှိရေးအတွက် အလုပ်ရှင်များအနေဖြင့် အလေးထားစီမံဆောင်ရွက်

ရန်ကုန် မေ ၁၀

 

ပြည်တွင်းအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲသို့  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်း ဒေသကြီးရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်   (UMFCCI)၌  ကျင်းပသည်။

ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊    အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ စက်မှုဇုန် (၂၉)ဇုန်မှ  စက်မှုဇုန်စီမံခန့်ခွဲမှ ုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများမှ မန်နေးဂျင်းဒါရိုက်တာများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်တို့တွေ့ဆုံပြီး တစ်နေရာတည်းတွင် One Stop Service ဖြင့် ရွေးချယ်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ Job Fair များကို ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး  အကျိုးဆောင်အေဂျင်စီများ ပူးပေါင်း၍ကျင်းပပေးလျက်ရှိကြောင်း။

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်မှတ်ပုံတင်ထားသည့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်လိုသောနိုင်ငံသားပိုင်ကုမ္ပဏီများအား ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့်  အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃ ခုနှစ်) တို့နှင့်အညီ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။

ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများအနေဖြင့် အလုပ်ရှင်များ၏  အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အလုပ်ရှင်များနှင့်ချိတ်ဆက်ပြီး အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်တွင်းအလုပ်အကိုင်များ   ဖွံ့ဖြိုးတိုးတက်လာစေရန် ဂုဏ်သိက္ခာရှိသော အေဂျင်စီများအဖြစ် ဆောင်ရွက်ကြရန်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့်   ပြည်တွင်းအေဂျင်စီများ ချိတ်ဆက်ပြီး အလုပ်ရှင်များအတွက် အလုပ်သမားလိုအပ်ချက်ကို အခက်အခဲမရှိ ဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းတွင်   အဓိကလိုအပ်သည့်   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားရရှိရေးအတွက် အလုပ်ရှင်များအနေဖြင့် အလေးထားစီမံ ဆောင်ရွက်သွားရန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ပြောကြားသည်။

မွန်းလွဲပိုင်းတွင်    ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမ၌   ကျင်းပလျက်ရှိသည့် (၁၆) ကြိမ်မြောက်  ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK) ကျင်းပစစ်ဆေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။