မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တက်ရောက်

 

မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တက်ရောက်

နေပြည်တော်  မေ ၁၀

 

မြန်မာ့မွေးမြူရေးကဏ္ဍအတွက်တိရစ္ဆာန်အစာလိုအပ်ချက်ပမာဏကို ပြည်တွင်းကုန်ကြမ်းဖြင့် လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်ပမှတင်သွင်းသည့် အစာကုန်ကြမ်းများ၏  အရည်အသွေး၊ ဈေးနှုန်းတို့နှင့် ယှဉ်ပြိုင်နိုင်မှု ရှိစေရေး အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သော မွေးမြူရေးအစာ လိုအပ်ချက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဦးမင်းနောင်၊  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ့် UMFCCI ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီစက်လုပ်ငန်းရှင်များအသင်း၊ ဆက်စပ်အသင်းအဖွဲ့များ၊ မွေးမြူ ရေးအစာထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာပညာရှင်များနှင့်  သုတေသီများ တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မွေးမြူ ရေးလုပ်ငန်းအတွက် အစာကုန်ကြမ်း အမှန်တကယ်လိုအပ်မှုနှင့် ထုတ်လုပ်မှုအခြေအနေအမှန်ကို သိရှိနိုင်ရန်၊ ကုမ္ပဏီလုပ်ငန်းရှင်များ၏ မွေးမြူရေးအစာကုန်ကြမ်းတင်သွင်းမှု လက်ရှိအခြေအနေနှင့် ပြည်တွင်း၌ ထွက်ရှိသောကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာထုတ်လုပ်မည်ဆိုပါက လုံလောက်မှု ရှိ၊ မရှိ ဖော်ထုတ်နိုင်ရန်၊ မွေးမြူရေးအစာထုတ်လုပ်ရာတွင် အသားဓာတ်အရင်းအမြစ် အဖြစ်အသုံးပြုသည့် ဆီကြိတ်ဖတ်များ၏ ပြည်တွင်းထွက်ရှိမှုအခြေအနေနှင့် တိရစ္ဆာန်အစာကုန်ကြမ်း အဖြစ်သုံးစွဲရာတွင် သတ်မှတ်သင့်သည့်  အရည်အသွေးစံနှုန်းများ ဆွေးနွေးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆက်စပ်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို  ကျင်းပခြင်းဖြစ်ကြောင်း၊  အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များ၊ သုတေသီများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ရည်ရွယ်ချက်ပါအတိုင်း အထောက်အကူဖြစ်စေမည့် အကြံဉာဏ်များ၊ လက်ရှိစိန်ခေါ်မှုများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို  ရှုထောင့်အမျိုးမျိုးမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများကပြည်တွင်းမွေးမြူရေးအစာ လိုအပ်ချက်နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘဏ္ဍာရေးနှစ်အလိုက်တိုးမြှင့်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးကြိုးပမ်းမှုနှင့်အတူ ဆီစက်များမှထွက်ရှိလာသော ဆီကြိတ်ဖတ်များကို မွေးမြူရေး အစာထုတ်လုပ်မှုကဏ္ဍ၌ အရည်အသွေးပြည့်မီလုံလောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနနှင့်ပုဂ္ဂလိကတို့ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၁၅)    စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က     နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် စီမံဆောင်ရွက်မှုများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးသာမက ကျင့်ဝတ်သိက္ခာနှင့် ညီညွတ်သော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ်  လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးချက်များကို   နိုင်ငံ့ဝန်ထမ်း များအားလုံး စနစ်တကျ လေ့လာမှတ်သားလိုက်နာသွားရန်   တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံအကျဆုံးဖြစ်သည့်အတွက် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်းသိရှိထားရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်းမရှိစေရန် လုပ်ထုံးလုပ် နည်းများနှင့်အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေရေးရာဌာနခွဲ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးနှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုင်ကြားစာကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အောက်တွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit - CPU)များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။