မော်စကိုသို့ပျံသန်းလာသည့် ဒရုန်းတစ်စင်းအား ရုရှားပစ်ချ
ရုရှားနိုင်ငံ မော်စကိုမြို့တော်သို့ ပျံသန်းလာသည့် ဒရုန်းတစ်စင်းအား ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဗြာနင်က မေလ ၁၀ ရက်တွင်ပြောသည်။
အဆိုပါဒရုန်းသည် မြို့တော်သို့ဦးတည်ပျံသန်းလာခြင်းဖြစ်ပြီး ၎င်းအား လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့က မြို့တောင်ပိုင်းရှိ ပိုဒေါ့စ်ခရိုင်အတွင်း၌ ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။ ဒရုန်းအားပစ်ချပြီးနောက်ပိုင်းတွင် အခင်းဖြစ်ရာ နေရာသို့ အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့များနှင့် ဒရုန်းအထူးကျွမ်းကျင်သူအဖွဲ့ဝင်များ ရောက်ရှိလာသည်။ သို့သော် ဒရုန်းအပျက်အစီးများ မြေပြင်ပေါ်သို့ ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် အပျက်အစီးတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် မော်စကိုမြို့နှင့် ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသများသို့ ယူကရိန်းမှ လွှတ်တင်လိုက်သည့် ဒရုန်းငါးစင်း ကို ရုရှားက မေလ ၉ ရက် ညပိုင်းအတွင်း ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ဒရုန်းတိုက်ခိုက်မှုများသည် မြို့တော်မော်စကို၌ ဖြစ်တောင့် ဖြစ်ခဲဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းသိရသည်။
ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများအား ယခုနှစ်အတွင်း ဒရုန်းများကိုအသုံးပြု၍ တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Ref:ST