ထီးချိုင့်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံဧက ၁၁၀၀ ကျော်စိုက်ပျိုးပြီးစီး

 

ထီးချိုင့်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံဧက ၁၁၀၀ ကျော်စိုက်ပျိုးပြီးစီး

 

ထီးချိုင့် ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီတွင် စားဖိုဆောင်သီးနှံဧက ၁၁၀၀ ကျော်  စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  သိရ သည်။

ယခုနှစ်    မိုးသီးနှံစိုက်ပျိုးရာသီတွင် ထီးချိုင့်မြို့နယ်၌ စားဖိုဆောင်သီးနှံ ၁၂၅၆ ဧက  စိုက်ပျိုးရန်လျာထားပြီး   မေလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ဧက ၁၁၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ထီးချိုင့် မြို့နယ်မှာ စားဖိုဆောင်သီးနှံ ၁၂၅၆ ဧက စိုက်ပျိုးဖို့လျာထားတယ်။ လက်ရှိအချိန် ထိ  ဧက  ၁၁၀၀  ကျော်  စိုက်ပျိုးပြီးပါပြီ။ မုန်ညင်း၊  ငရုတ်၊ ခရမ်းချဉ်၊  ခရမ်းသီး၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊  ရုံးပတီသီး  စတာတွေ  စိုက်ပျိုးကြတယ်။   စိုက်ပျိုးတဲ့ဟင်းသီး ဟင်းရွက်အားလုံးကို GAP စနစ်နဲ့ စိုက်ပျိုး နိုင်အောင် တောင်သူတွေကို    နည်းပညာ ပေးနေပါတယ်။     စိုက်ပျိုးတဲ့ဟင်းသီး ဟင်းရွက်အားလုံးကို  ဓာတုဓာတ်ကြွင်း အနည်းဆုံးဖြစ်အောင်၊    ကျန်းမာရေးနဲ့ ညီညွတ်အောင် စိုက်ပျိုးဖို့ တောင်သူတွေကို နည်းပညာတွေပေးတယ်" ဟု ထီးချိုင့် မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး ဦးကိုကိုအောင် ကပြောသည်။

ယခုနှစ်တွင်  ထီးချိုင့်မြို့နယ်ရှိ  စားဖိုဆောင်သီးနှံစိုက်ပျိုးသည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီး ဟင်းရွက်များ  တိုးချဲ့စိုက်ပျိုးရေး၊  GAP စနစ်ဖြင့် စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော  ဟင်းသီးဟင်းရွက်များ ရရှိစေရေး၊ သဘာဝမြေဩဇာနှင့်   ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရေးတို့ကို     အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

ထီးချိုင့်မြို့နယ်၌ နှစ်စဉ် ရာသီအလိုက် စားဖိုဆောင်သီးနှံမျိုးစုံ  စိုက်ပျိုးလျက်ရှိ ရာ စိုက်ပျိုးထားသောစားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေ ရရှိကြောင်းနှင့်  စားဖိုဆောင်သီးနှံစိုက် ပျိုးမည့်တောင်သူများကို   မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာနမှ စိုက်နည်းစနစ်မှန်ကန်ရေး၊   ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ် သုံးစွဲရေးတို့ကို အသိ ပညာပေးကြောင်း  သိရသည်။

Dates: 
Tuesday, August 13, 2024 - 09:32