၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှ လူငယ်များ၏ သဘောထားအမြင်များ
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုသည့် အနေဖြင့် လည်းကောင်း၊ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေး အတွက် လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ လူငယ်ကိုယ်စားလှယ်များနှင့် နယ်ပယ်ပေါင်းစုံမှ လူငယ်ကိုယ်စားလှယ်များ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြရာ ၎င်းတို့နှင့်တွေ့ဆုံ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်အများအပြား မွေးထုတ်ပေးစေလိုသည့် အခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလိုသည့် လူငယ်များ၏ သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း မျှဝေပေးလိုက်ရပါသည်။
မောင်ဖိုးပြုံး (ကယားပြည်နယ်လူငယ်ကိုယ်စားလှယ်)
လူငယ်တွေအားတက်စေမယ့် အခမ်းအနား၊ ပွဲတော်တွေကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ချင်ခဲ့တာကြာပါပြီ။ ဒါကြောင့် လူငယ်တွေကို အခွင့်အရေးပေးပြီး အသိ ပညာ၊ အတတ်ပညာတွေ မျှဝေပေးမယ့် ဒီလိုအခမ်းအနားကြီးကို တက်ရောက်ရတဲ့ အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ နောက်ပြီး လူငယ်ဖိုရမ်မှာလည်း ကဏ္ဍ အလိုက် ကျွန်တော်တို့လို လူငယ်တွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမယ်လို့လည်း သိရပါ တယ်။ ဒီဖိုရမ်ကနေ ကျွန်တော်သိရသမျှ အကြောင်းအရာတွေကို ကျွန်တော့် ပြည်နယ်က ပြည်သူတွေကို ပြန်လည် မျှဝေပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး တိုင်းရင်းသားလူငယ် တွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံတွေ ကို မြင်တွေ့လေ့လာခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ လူငယ်တွေဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ အတွက် အချိန်နဲ့တစ်ပြေးညီ ကြိုးစား ကြစေလိုပါတယ်။ ကိုယ်ကြိုးစားပြီးရရှိ လာတဲ့ ပညာရပ်တွေကို နိုင်ငံတော်အတွက် အသုံးပြုပေးကြဖို့ကိုလည်း တိုက်တွန်းလို ပါတယ်။
မမူမူစိုး (ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်)
ကျွန်မကတော့ ကချင်ပြည်နယ်ကိုယ်စားပြုအနေနဲ့ လူငယ်ပွဲတော်ကို လာရောက် ပြီးတော့ ပါဝင်တာဖြစ်ပါတယ်။ နောက်ပြီး လူငယ်ဖိုရမ် မှာလည်း လူငယ်နှင့်ယဉ်ကျေးမှု ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါ တယ်။ အခုလို လူငယ်တွေအတွက် ဆောင်ရွက်ပေးတဲ့ ပွဲတော်မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့အတူ ပါဝင် တက်ရောက်ခွင့်ရတဲ့အတွက် အင်မတန်မှ ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုအခွင့် အရေးကြီးမှာ လူငယ်တွေအတွက် အကျိုး ရှိစေမယ့်အကြောင်းအရာတွေကို လူငယ် တွေ အချင်းချင်း ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ပြီးလို့ ကျွန်မတို့ ပြည်နယ်ကို ပြန်ရောက်တဲ့အခါကျရင်လည်း ပွဲတော်ကရရှိခဲ့တဲ့ အသိပညာဗဟုသုတ တွေကို ပြန်လည်မျှဝေပေးသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ လူငယ်တွေအနေနဲ့ လည်း ကြိုးစားကြပါ။ ကြိုးစားသလောက် ထိုက်တန်တဲ့ရလဒ် ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။
မောင်ဒယ်နီယယ်မျိုးထွန်း (ဆုရထူးချွန်လူငယ်)
ကျွန်တော်ကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာကျင်းပတဲ့ International Medical Biochemist Competition ပြိုင်ပွဲ မှာ ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာဆိုရင် နိုင်ငံတကာက လူငယ်တွေ ကို တွေ့ခဲ့ရတယ်။ သူတို့ ဘယ်လောက်ထိ စိတ်အားထက်သန်တယ်၊ သူတို့ ဘယ်လောက်ထိ ကြိုးစားနေတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ အခု ကျွန်တော်တို့နိုင်ငံမှာပြုလုပ်တဲ့ လူငယ်ပွဲတော်မှာလည်း တိုင်း ဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တက်ကြွ ပျော်ရွှင်နေတဲ့လူငယ်တွေကို များစွာတွေ့ ခဲ့ရတဲ့အတွက် နိုင်ငံအတွက်အားတက်မိပါ တယ်။ ဒီလိုပွဲတော်မှာ ကျွန်တော်ဆုချီးမြှင့် ခံရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်။ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဟာ လူငယ် တွေ လက်ထဲမှာရှိနေပါတယ်။ ဒါကြောင့် လူငယ်တွေ အသိပညာ၊ အတတ်ပညာနဲ့ မှန်ကန်တဲ့တွေးခေါ်မှုတွေရှိစေဖို့ အဆင့်မြင့် ပညာရပ်တွေ သင်ကြားပေးဖို့လိုပါတယ်။
ဒီလိုသင်ကြားပေးဖို့ကိုလည်း နိုင်ငံတော် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေတာ ကိုလည်း မြင်တွေ့နေရပါပြီ။ ဒါကြောင့် လူငယ်တွေအနေနဲ့ကြိုးစားပြီး မိမိနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းပါဝင် ပေးကြစေလိုပါတယ်။
မောင်ရဲဝင်းလှိုင်(ရန်ကုန်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်)
ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးကို ကိုယ်စားပြုပြီး အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ လူငယ်ဖိုရမ်မှာ ကဏ္ဍသုံးခု ဖြစ်တဲ့ ယဉ်ကျေးမှုကဏ္ဍ၊ နည်းပညာကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကဏ္ဍ သုံးခုထဲက ယဉ်ကျေးမှုကဏ္ဍကို ဆွေးနွေး သွားမှာဖြစ်ပါတယ်။ အခုလို လူငယ်ဖိုရမ် တွေ ကျင်းပပေးတဲ့အတွက် လူငယ်တွေ ဖြစ်ချင်တဲ့ လိုလားချက် ရလဒ်တွေထွက် ပေါ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ ဖိုရမ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လူငယ်တွေအားလုံးနဲ့ တွေ့ဆုံခွင့်ရတဲ့ အတွက်လည်း အင်မတန်ဝမ်းသာမိပါတယ်။
မဇင်မေထက်(ဆုရထူးချွန်လူငယ်)
ကျွန်မကတော့ CAHYA MATA Malay-sian Open Championships 2024 ပြိုင်ပွဲ ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီလိုလူငယ် တွေအတွက်ဆောင်ရွက်ပေးတဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ထူးချွန်လူငယ်တစ်ဦးအနေနဲ့ ဆုချီးမြှင့်ခံရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ နောက်ပြီး ဒီအခမ်းအနားမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေကို စုစုစည်းစည်းတွေ့ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်တွေ အခွင့်အလမ်းတွေ ပိုမိုရရှိစေပြီး အားတက်စေမယ့် ဒီလိုအခမ်းအနားတွေ အများကြီး ရှိစေချင်ပါတယ်။ လူငယ်တွေအတွက် အသိပညာ၊ အတတ်ပညာရပ်တွေ သင်ကြားပို့ချပေးသွားမယ့် လူငယ်ဖိုရမ်လည််း ရှိတဲ့အတွက် သေချာဂရုတစိုက်နဲ့ သင်ယူစေလိုပါတယ်။ ကိုယ်သိသမျှအရင်းခံပြီးတော့လည်း နိုင်ငံနဲ့ လူမျိုးအတွက် ဆောင်ရွက်စေလိုပါတယ်။
မကြယ်စင်လင်းလက်(ဆုရထူးချွန်လူငယ်)
ကျွန်မကတော့ ဆေးတက္ကသိုလ် (တောင်ကြီး)ကနေ လူငယ်ဖိုရမ်ပွဲတော်ကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခြင်း ခံရတာဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဆေးတက္ကသိုလ်(တောင်ကြီး)ကနေ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာကျင်းပတဲ့ International Medical Biochemist Competition ပြိုင်ပွဲမှာ အဖွဲ့အလိုက်အနေနဲ့ ဒုတိယဆုရရှိခဲ့ပြီးတော့ တစ်ဦးချင်းအနေနဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ အခုလိုနိုင်ငံတော်အဆင့် လူငယ်ပွဲတော်ကြီးမှာ ဆုချီးမြှင့်ခံရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပညာတတ်လူငယ်တွေကို တွေ့ဆုံခွင့်ရတဲ့ အတွက်လည်း ပျော်ရွှင်မိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လူငယ်တွေအတွက် အခွင့်အလမ်း တွေအများကြီး ဖန်တီးပေးမယ်ဆိုရင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားတစ်ခုဖြစ်လာမှာပါ။ ဒါကြောင့် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေ အများအပြား ကျင်းပပေးစေလိုပါတယ်။
မဖူးပွင့်အောင် (ကယားပြည်နယ်လူငယ်ကိုယ်စားလှယ်)
ကျွန်မကတော့ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မှာ ပညာသင်ယူနေပါတယ်။ အခုလို လူငယ်တွေကို အသိအမှတ်ပြုပေးပြီး နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ဆောင်ရွက်ပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ လူငယ်ဖိုရမ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီဖိုရမ်မှာ ကျွန်မတို့ လူငယ်တွေ အနာဂတ်ဖွံ့ဖြိုး တိုးတက်စေမယ့် အကြောင်းအရာတွေကို တင်ပြဆွေးနွေး သွားမှာလည်းဖြစ်ပါတယ်။ နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမ လူငယ်တွေကိုလည်း တစုတစည်းတည်း တွေ့ရတဲ့အတွက်လည်း ဝမ်းသာ မိပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးစံတွေ လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတများစွာ ရရှိစေပါတယ်။ ဒီဗဟုသုတတွေကိုလည်း ကျွန်မတို့ ကျောင်းမှာပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း တစ်ထောင့်တစ်နေရာက ကြိုးစားဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ဒါကြောင့်လူငယ်တွေ အနေနဲ့လည်း အသက်ငယ်ရွယ်တုန်းမှာ ပညာတွေ ကြိုးစားသင်ကြားကြပြီး နိုင်ငံရဲ့သားကောင်း ရတနာတွေဖြစ်အောင် ဆောင်ရွက်စေလိုပါတယ်။