ကျေးဇူးတရားမမေ့ငြား တိုးတက်မြင့်မားသည်

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေး သတ်မှတ်ချက်များနှင့်ပြည့်စုံသူများကို အဆင့်ဆင့်စိစစ်ကာ စစ်တက္ကသိုလ်ဗိုလ်လောင်းအဖြစ် ရွေးချယ်သည်။ စစ်တက္ကသိုလ်တွင် လေးနှစ်တာပညာရပ်များ သင်ကြား ပြီးနောက် သူတို့ကို ပြန်တမ်းဝင်အရာရှိများ အဖြစ်ခန့်အပ်ကာ တာဝန်ကျရာနေရာအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်ကြရသည်။ လူ့ဘဝဖြတ်သန်းမှုတွင် သူတို့သည် လူငယ်ဘဝတွင်သာရှိသေးရာ ကျောင်းဆင်းအရာရှိငယ်၊  လူငယ်များဖြစ်၍  လုပ်ချင်ကိုင်ချင်စိတ်နှင့်အတူ  စိတ်လိုက်မာန်ပါမလုပ်ဘဲ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိရပေတော့မည်။ ကိုယ်စီအသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး ခေါင်းဆောင်ကောင်းဖြစ်အောင် လုပ်ဆောင်ကြရပေတော့မည်။ သူတို့၏ ဘဝတစ်သက်တာတွင် အမိ စစ်တက္ကသိုလ်၏  ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး  တာဝန်ကျေပွန်သော၊  ယုံကြည် အားထားရသော အရာရှိကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရပေတော့မည်။

မြန်မာနိုင်ငံရှိ စစ်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင်သာမက ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုဖြစ်သည်။ စစ်တက္ကသိုလ်ကြီးကို ၁၉၅၄ ခုနှစ် သြဂုတ် ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်းအစဉ်အလာ ကြီးမားလှသည်။ နောင်တစ်ခေတ်၏ အောင်စစ်သည်များကို မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ သင်တန်း အမှတ်စဉ်(၆၂)အထိရှိပြီဖြစ်သည်။ အဆိုပါ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၂)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်ကကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်သည်။ ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး အောင်စစ်သည်ဆု ရရှိသူ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)၊ စာပေထူးချွန်ဆု(သိပ္ပံ)၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူများကို ဆုများ အသီးသီးချီးမြှင့်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် “မိမိတို့ဘဝတွင် ကြီးပွားတိုးတက်လိုပါက ကြိုးစားအားထုတ်မှုရှိရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းလုပ်ဆောင်ရန် အရေးကြီးကြောင်း၊ ငယ်စဉ်ဘဝမှ လူလားမြောက်သည်အထိ ကျွေးမွေးပြုစုစောင့်ရှောက်ဆုံးမပေးခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်သကဲ့သို့ ဗိုလ်လောင်းသင်တန်း လေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်း ဆောင်ငယ်များဖြစ်လာအောင် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်က နောင်တစ်ခေတ်၏အောင်စစ်သည်များ ဖြစ်လာစေရန်ရည်မှန်းပြီး လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် သင်ကြားပေးလိုက်သည့်ပညာများ ဖြင့် တာဝန်ကို သစ္စာရှိရှိကြိုးစား အားထုတ်ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်း ဖြင့် နိုင်ငံတော်နှင့်တပ်မတော်၏ ကျေးဇူးကိုဆပ်ရာရောက်မည်ဖြစ်ပြီး အရေးကြီးသည့်တာဝန်များ ထမ်း ဆောင်နိုင်ရေး ရည်မှန်းချက်ရှိစွာဖြင့် ကြိုးစားသွားကြစေလိုကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

တပ်မတော်သားဖြစ်သူတိုင်းတွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော ခံယူချက်၊ ယုံကြည်ချက်ဖြင့် အပြည့်အဝရှိကြသည်။ ထိုသို့ပြည့်ဝနေစေရန်အတွက်လည်း တပ်မတော်ရှိ ကျောင်း အသီးသီးက သင်ကြားပို့ချပေးလျက်ရှိသည်။ တပ်မတော်သို့ ဝင်ရောက်လာကြသည်မှာလည်း မိမိတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့် ဝင်လာကြသူများသာဖြစ်သည်။ စစ်တက္ကသိုလ်ကျောင်းဆင်းလူငယ်များသည် နိုင်ငံတော်က အားထားရသည့် တပ်မတော်အရာရှိကောင်းများ ဖြစ်လာပေတော့မည်။ ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့် အညီ ပြုမူနေထိုင် တာဝန်ထမ်းဆောင်ကြရပေမည်။

ခေါင်းဆောင်မှုများတွင် ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနှင့် တီထွင်လုပ်ကိုင်ဆောင်ရွက်တတ်မှုရှိရမည်။ ကွပ်ကဲမှုနှင့်ကြီးကြပ်မှုကောင်းရမည်။ ဗဟုသုတကြွယ်ဝပြီး လေ့လာလိုစိတ်ရှိရမည်။ အကျင့်စာရိတ္တ ကောင်းရမည်။ စိတ်ဓာတ်ကောင်းရမည်။ တပ်မှူးကောင်းစိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်ရှိရမည်။ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ရမည်။ တပ်၏ကောင်းရာကောင်းကျိုးအတွက် အစဉ်ကြိုးပမ်းလိုစိတ်ရှိ ရမည် အစရှိသည်ဖြင့် သတ်မှတ်ပေးထားသည်။ ထိုသတ်မှတ်ချက်များအတိုင်း လိုက်နာလုပ်ဆောင်လျှင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပေမည်။ အနှစ်ချုပ်ဆိုရလျှင် အမိစစ်တက္ကသိုလ်ကသင်ကြားပေးလိုက်သော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင်အသုံးပြုရင်း တပ်မတော်၏ကျေးဇူးတရား၊ မွေးဖွားပေးလိုက်သော မိဘများ၏ကျေးဇူးတရားများကို အစဉ်မမေ့ဘဲ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းများဖြစ်နိုင်ကြပါစေ ကြောင်း ရေးသားလိုက်ရပေသည်။      ။