အမေရိကန်၏ စနက်ကြောင့် ရာထူးမှနုတ်ထွက်ရခြင်းဖြစ်ဟု ရှိတ်ဟာဆီနာပြော
မကြာသေးမီက ရာထူးမှနုတ်ထွက်ပြီး ပြည်ပသို့ထွက်ခွာသွားသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ၎င်းအနေဖြင့် အမေရိကန်၏ စနက်ကြောင့် ရာထူးမှ နုတ်ထွက်ရခြင်းဖြစ်သည်ဟု ပြောသည်။
အမေရိကန်တောင်းဆိုသော မဟာဗျူဟာမြောက်ကျွန်းဖြစ်သည့် စိန့်မာတင် ကျွန်းကို မပေးခြင်းကြောင့် ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားအောင် ထိုနိုင်ငံကကြံစည် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရှိတ်ဟာဆီ နာက စာတစ်စောင်တွင် ရေးထားသည်။
"တကယ်လို့ ကျွန်မအနေနဲ့ အမေရိကန်တို့တောင်းဆိုတဲ့အတိုင်း စိန့်မာတင်ကျွန်းကို သူတို့ဆီငှားပေးလိုက်မယ်ဆိုရင် ကျွန်မက ဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေ မယ်ဆိုတာ သိပါတယ်" ဟု ရှိတ်ဟာဆီနာ က ထိုစာတွင် ရေးသားထားကြောင်း The Economic Times သတင်းစာကဖော်ပြ ထားသည်။
အမေရိကန်သည် ပြီးခဲ့သည့်နွေရာသီတွင် စိန့်မာတင်ကျွန်းကို ငှားရမ်းရန်အဆို ပြုလာသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက မငှားပေးခဲ့ကြောင်း ရှိတ်ဟာဆီနာက ပြောသည်။
ထို့ကြောင့် ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တစ်ယူသန်သမားများ၏ ကြိုးကိုင်ခြယ် လှယ်မှုကို မခံစေလိုကြောင်း ရှိတ်ဟာဆီနာ ကဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အလုပ်အကိုင် နေရာခွဲတမ်းချမှုအပေါ် မကျေနပ်သူများက ဦးဆောင်ဆန္ဒပြရာမှ ဆူပူအုံကြွမှုများအထိ ဖြစ်လာပြီး အစိုးရကို ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့တို့ကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၄၄၀ ကျော်သေဆုံးကြောင်း သိရသည်။