တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၁၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Neoprene Adhesives လုပ်ငန်းသုံးကော် ကီလိုဂရမ် (၁၁၇၀၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၆၈၃၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Ceramic Wall & Floor Tiles (၇၃၁ ဒသမ ၃၄)စတုရန်းမီတာ၊ Plastic Resin–Polyethylene ကီလိုဂရမ် (၄၉၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၃၂၅၃၄၉)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Machinery Spare Parts (၁၃)ဘူးအပါအဝင် ကုန်ပစ္စည်း (၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Fingerprint Scanner (၁)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၅၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Carabao အားဖြည့်အချိုရည်ဘူး (၁၈၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅၄၆၃၃၄၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဩဂုတ်လ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Yum Yum ခေါက်ဆွဲခြောက်ထုပ် (၄၂၀၀)၊ ဂျပန်နိုင်ငံထုတ် Recond TV (၆၈)လုံးအပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၃၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီးနှင့် Zhong Tong Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပဲခူးခရိုင်အတွင်း၌ တရားမဝင်အခြားသစ် (၁ ဒသမ ၁၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၇၀၁)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀၈၄၇၀၁)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၀ ရက်တွင် စစ်ကိုင်းမြို့၊ ကံတလူပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် (၁)စီးနှင့် Dihatsu Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀)ကို လည်းကောင်း၊ ဩဂုတ်လ ၁၁ ရက်တွင် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Crown Athlete မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပန်းသီးအလုံး (၈၀)ပါခြင်း (၁၇၄၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၄၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၁၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ်လ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၆၈၈၀၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။