စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက် ၊မြို့မဈေးရှေ့တွင် မုံရွာမှ ယင်းမာပင်ဘက်သို့ ခင်မောင်ဆန်း မောင်းနှင်ပြီး လွင်မင်းသန့် လိုက်ပါလာသည့် CANTER ခြောက်ဘီးမော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျောမြို့ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆက်တရားခံ ကြင်ဆွန်း(ခ)ကျင်စွမ်းအား HILUX SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်းနှင့် လည်းကောင်း၊ ယင်းနေ့နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပင်လုံရပ်ကွက်ရှိ ထွဋ်မြတ်ဦး(ခ)အီးတီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ခင်မောင်ဆွေအား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄၅ သိန်းနှင့်လည်းကောင်း၊ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူ ထွဋ်မြတ်ဦး (ခ)အီးတီအား ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင် တိုးဂိတ်တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။