ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
ရန်ကုန် မေ ၁၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်သစ်ကူးနေ့ အခမ်းအနားကို မေလ ၁၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့ သံလွင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E.Dr.Md. Monwar Hossain၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E.Dr.Md. Monwar Hossain က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဧည့်သည်တော်များသည် ဘင်္ဂလားဒေ့ရှ်သီချင်း Boishakhi Song သီဆိုမှု၊ မြန်မာရုပ်သေးအက၊ မြွေအလမ္ပာယ်၊ မျက်လှည့်တို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် သံအမတ်ကြီးက အခမ်းအနားသို့ တက်ရောက်လာကြသူများအား နှစ်သစ်ကူးဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
စည်သူလင်း(ပြန်/ဆက်)