ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဆေးကုသရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဆေးကုသရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၁၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့်သုတေသနဌာန (MEDICAL   SKILLS,   SIMULATION   AND   RESEARCH    CENTER) တွင်ကျင်းပနေသည့်    အခြေခံအရိုးရောဂါ ခွဲစိတ်ကုပညာကျွမ်းကျင်မှုသင်တန်း (BASIC    ORTHOPAEDIC    SURGICAL SKILLS   COURSE)  အရိုးရောဂါခွဲစိတ်ကုသမှု၊ လက်တွေ့ကျွမ်းကျင်မှု၊  လေ့ကျင့် သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးအားပေးပြီး သင်တန်းပို့ချလျက်ရှိသော အရိုးရောဂါပညာဌာနမှ ဆရာများနှင့်   သင်တန်းတက်ရောက်လျက်ရှိသည့် ဆေးပညာမဟာသိပ္ပံ ကျောင်းသား၊ ကျောင်းသူများကို တရင်းတနှီးတွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ သင်တန်းသား၊   သင်တန်းသူများ အဆောင်ထားရှိရန်   အဆောက်အအုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ ထိုမှတစ်ဆင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနဝင်းအတွင်းရှိ  ဆေးတက္ကသိုလ်(၁)ရန်ကုန်၊  RC ငါးထပ်၊  သင်တန်းသား၊ သင်တန်းသူများအဆောင်ဆောက်လုပ်မှု လုပ်ငန်းခွင်နှင့် ကျောင်းသား၊ ကျောင်းသူအဆောင်ဆောက်လုပ်မည့် မြေနေရာကိုလှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရိုးနှင့် ထိခိုက်ဒဏ်ရာကုဌာန၊ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဓာတ်ရောင်ခြည်ဆေး ကုဌာနများတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  လူနာများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍   လိုအပ်သည်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုနစ်ထပ် ဆောင်သစ်ကြီးတွင် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှု   အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လူနာများစိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး၊  ဆေးဝါးများပြတ်လပ်မှုမရှိစေရေး၊  အဆောက်အအုံရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျစီမံ ဆောင်ရွက်ထားရှိရေးတို့ကို   မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

Dates: 
Wednesday, August 14, 2024 - 09:17