စာမေးပွဲဆိုင်ရာ လုပ်ငန်းများကို စာမေးပွဲ လုပ်ထုံးလုပ်နည်းများနှင့် အညီအလေးထား၍ စနစ်တကျ ဆောင်ရွက်ကြရမည်
နေပြည်တော် ဩဂုတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ပညာ ကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် စာမေးပွဲများ နီးကပ်လာပြီဖြစ်၍ စာမေးပွဲဆိုင်ရာ လုပ်ငန်းများကို စာမေးပွဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေး ထား၍ တိကျစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနတစ်ခုချင်းစီနှင့် ဘာသာရပ်များအလိုက် ပညာရေးအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ၊ ဆရာမ တစ်ဦးချင်း အရည်အသွေး ကောင်းမွန် စေရေး အမြဲမပြတ်ကြိုးစားကြရန်နှင့် ဘာသာရပ် တစ်ခုချင်းစီ၏ ပညာရေး အရည်အသွေး တိုးတက်မှသာ တက္ကသိုလ်တစ်ခုလုံး၏ အရည်အသွေး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်း သူများ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံး စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့က အကောင်အထည်ဖော် ဆောင် ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။