“ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၄)ခုနှစ်”ဗဟိုအဆင့်အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

“ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၄)ခုနှစ်ဗဟိုအဆင့်အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 

နေပြည်တော်     ဩဂုတ်     ၁၅

    ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်    အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။  

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက   ယခုနှစ်   ‘‘ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်’’၏ ဆောင်ပုဒ်မှာ “Closing the Gap; Breast-feeding Support for All” ဖြစ်ပြီး ‘‘မိခင်နို့ချို တိုက်ကျွေးဖို့    အားလုံးကူညီပံ့ပိုးစို့” ဟု မြန်မာလို  ဘာသာပြန်ဆိုထားကြောင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်နှင့်  မြို့နယ်များတွင်     အထိမ်းအမှတ် အခမ်းအနားများ၊ လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွင်း အာဟာရ ပြည့်ဝကျန်းမာအောင်   စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် လူမှုရေး ဦးတည်ချက်များနှင့်အညီ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊  တစ်နိုင်ငံလုံး  အသိပညာ၊ အတတ်ပညာ   မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်   အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး စသည့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန် လူကောင်းများ   ပေါ်ထွက်လာစေရန် အခြေခံကျပြီး အရေးပါသည့် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်ပေးကြရန်  အလေးအနက်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက်  ၂၀၂၄  ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး   ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်များ လှုပ်ရှားမှုဗီဒီယိုပြသခြင်း၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊   ကျောင်းသူများအား   ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုချီးမြှင့်ခြင်း၊  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြပြီး တက်ရောက်လာသူများနှင့်အတူ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် ပြခန်းငယ်အား  လှည့်လည်ကြည့်ရှုခြင်း၊ မူကြိုကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား   သံဓာတ်အားဆေး၊ ဗီတာမင်ဘီဝမ်းအားဆေးများ ပေးအပ်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊   ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊  ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်  အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။                                            

Dates: 
Friday, August 16, 2024 - 09:15