အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပ
နေပြည်တော် ဩဂုတ် ၁၅
အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ-၁ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားမြေဥပဒေကို ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရေး၊ မြေစီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်းသော တည်ဆဲဥပဒေများကို လွှမ်းခြုံသက်ရောက်မှုရှိပြီး ဥပဒေအချင်းချင်း သဟဇာတဖြစ်စေရေးကို အလေးထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေဥပဒေမူကြမ်းရေးဆွဲရာ၌ ခေတ်ကာလစနစ်နှင့် လိုက်လျောညီထွေပြောင်းလဲပြင်ဆင်နိုင်မည့် နည်းလမ်းများ ထည့်သွင်းပြုစုရန် လိုအပ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီက သတ်မှတ်ပေးထားသည့်ကာလ(Timeline) အတွင်း အမျိုးသားမြေဥပဒေမူကြမ်းကို ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး အလေးထား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသား မြေဥပဒေမူကြမ်း၏ နိဒါန်းအခန်းနှင့် အခန်း(၁)မှ(၈) အထိအားအဖွဲ့ဝင်များ၏ အကြံပြုချက်များအရ ကြိုတင်စိစစ်ထား ရှိမှုအား ပဏာမမူကြမ်းအဖြစ် အတည်ပြုနိုင်ရေးအတွက် ကော်မတီဝင်များက အလေးထားဆွေးနွေး ဆုံးဖြတ်ရန် ဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ ကျန်ရှိသော အခန်း (၉) မှ (၁၆)အထိကို နောက်တစ်ကြိမ် အစည်းအဝေးတွင် စတင်ဆွေးနွေးနိုင်ရေး အတွက် လျာထား သတ်မှတ်ထားကြောင်း သိရသည်။