
အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
အောင်သည် ခြေလှမ်းတိုင်း အတွေးတွေနှင့် တွေးနေသည်။
လူနာတင်လှည်းပေါ်မှ မျက်နှာပေါ် အဝတ်ဖြူအုပ်လျက် လူသေကောင် အလောင်းတစ်လောင်းကို လှမ်း မြင်ရပြီး ရင်ထဲ၌ တုန်လှုပ်သွားလေသည်။
စိတ်သက်သာရာ သက်သာကြောင်း အတွေးများကို ရှာဖွေကြည့်မိရင်း ကိုရွှေသိမ်းမင်း၏ ဧဒင် ဥယျာဉ်မှပန်းပွင့်များကဗျာထဲမှ ကဗျာတစ်ပုဒ်ကို သတိရမိလေသည်။
သူ့ကဗျာကိုမှီး၍ အောင့်ရင်ထဲ၌ ကိုလတ်အတွက် ဆုတောင်းကဗျာလေးတစ်ပုဒ်ကို ရေးဖွဲ့မိလေသည်။
လောကကို ပန်ကြားခြင်း
သူ့အသက်အား
နှစ်ဆယ့်ငါးနှစ်တိုင်တိုင်
လက်သင့်ခံထားနိုင်သောလောကငဲ့။
သူသည်
သင့်ခြေရင်းထက်
ထွက်သက်ဝင်သက်ကိုပြုလျက်
ငယ်စဉ်အခါ ပျော်ပါးသောတေးကိုဆိုလျက်။
လူလားမြောက်သော်
လူတို့၏ ပစ္စက္ခဝေဒနာကို ခံစားလျက်
တေးသံမပါ၊ နိုးကြားလာသောစေတနာ
တေးကဗျာကို ရွတ်ဆိုလျက်
ချစ်သူကို ကျီစယ် ရွှင်လန်းရယ်မောလျက်
မနက်ခင်းကို အိုမင်းစေခဲ့ပြီ။
မိတ်ကောင်းငဲ့...
သူ့အသက်အား
သားနှယ် ချစ်ကြင်နာပါလော့။
အခန်း(၅၇)
ဆေးရုံလှေကားပေါ်မှ ဆင်းလာသူအားလုံးကို ခလုတ်တိုက်မိလေသည်။
ရှေ့မှ ခပ်စောစောကမြင်နေရသော ကိုအောင် လည်း မျက်ခြည်ပြတ်သွားပြီဖြစ်သည်။
လှေကားကိုတက်လာသော ခြေလှမ်းတိုင်း ခြေလှမ်း တိုင်း အောင်၏ ရင်ခုန်သံတွေက ဆိုင်းချက်လိုလိုက် နေသည်။
မိတ်ကောင်းငဲ့...သူ့အသက်အား သားနှယ် ချစ်ကြင်နာပါလော့
ရင်ထဲမှ ဒီစကားများကို ခဏခဏ ရွတ်ဆို
မိလေသည်။ သူသည် လောကကို စိတ်ရှည်ရှည်နှင့် ချော့မြှူလျက်ရှိလေသည်။
ထို့ကြောင့် မိတ်ကောင်းငဲ့ဆိုသည့်နေရာတွင်...
အရှင်သခင်ငဲ့ဟု စိတ်ထဲမှ ကျိုးနွံစွာ ဆိုလိုက်မိ လေသည်။
အရှင်သခင်ငဲ့...
ကိုလတ်ရဲ့အသက်ကို သားလိုချစ်ကြင်နာပါလော့။
အောင်သည် ချောစုနားသို့ရောက်တော့ ဒူးတွေမှာ အလိုလိုညွတ်လာသဖြင့် ထိုင်ချလိုက်ရလေသည်။
ချောစု၏လက်တွေကိုင်ထားသော အောင်၏လက်တွေမှာ လူသေလက်လို အေးစက်နေသည်။
နင်ကလည်း ကြာလိုက်တာဟယ်၊ ကိုလတ်အခြေ အနေသိပ်မကောင်းဘူး
ဟင်
အောင်သည် ချောစု၏မျက်နှာကို ငေးကြောင်ကာ ကြည့်နေသည်။
သတိသည် ကင်းလွတ်နေသူပမာ ကြည့်သော်လည်းမမြင်။
ချောစုက ဦးဆောင်သဖြင့် ကိုလတ်ခုတင်နား ပြေးကြည့်ကြသည်။
ကိုလတ်ခုတင်နားတွင် သူနာပြုတွေ၊ ဆရာဝန်တွေ ဝိုင်းအုံနေသည်။
လူအုပ်ကြားထဲမှ ထွက်လာသောကိုအောင့်လွယ် အိတ်ကို အောင်က ဖျတ်ခနဲ ဖမ်းဆွဲလိုက်လေသည်။
ကိုအောင်က ဖျတ်ခနဲ အောင့်ကို လှမ်းကြည့်လိုက် သော်လည်း ဘာမှမပြောဖြစ်။
အောင်သည် မေးရန် စကားများကို မေ့နေသည်။ ဘာစကားလုံးမှ စဉ်းစား၍ ခေါင်းထဲမပေါ်တော့။
သွေးထပ်အန်တာမကောင်းဘူး
ဘေးမှ မတ်တတ်သွားနိုင်သော လူနာတစ်ဦးက ထင်မြင်ချက်ပေးလိုက်လေသည်။
သွေးထပ်အန်တာတဲ့လား
အောင့်ရင်ထဲမှ စကားသည် နှုတ်ဖျားမှ ထွက်မလာ တော့။
ကိုလတ်ကို လူနာတင်လှည်းပေါ်သို့ တင်ကြသော အခါ အောင့်မျက်စိတွင် အဝတ်ဖြူဖုံးထားသော အလောင်းကို မြင်ယောင်လာလျက်...
မတင်ပါနဲ့၊ ဒီလိုမတင်ပါနဲ့
ဟု ယောင်ယမ်းကာ ပြောလိုက်မိလေသည်။
ဒီလိုပြောမိတာမှားသွားပြီဆိုတာလည်း ကိုယ့် ဘာသာကိုယ်သိလိုက်သည်။
ကိုအောင်သည် အောင့်လက်မောင်းကို လှမ်းဆွဲ ကာ နံရံနားသို့ ကပ်ရပ်စေလိုက်သည်။
]]စိတ်ကို ခိုင်ခိုင်ထားတော့၊ သေလမ်းနဲ့ရှင်လမ်း နှစ်လမ်းပဲရှိတော့တယ်၊ အကောင်းချည်း မျှော်လင့်နေ လို့ မရတော့ဘူး၊ အဆိုးကိုလည်း တွေးထားရတော့ မယ်၊ အဆိုးလာရင် ခံနိုင်ရည်ရှိဖို့ အဆင်သင့်ပြင်ရမယ်
ကျွန်တော်နားလည်ပါတယ်
အောင်သည် နံရံကိုခေါင်းမှီလျက် မျက်ရည်တွေ ဖြာလျက်ကျလာလေသည်။
ကိုအောင်၏ ထွက်သက်လေပြင်းပြင်းသည် အောင့် နဖူးပေါ်သို့ ကျလာလေ၏။
ဆက်လက်ဖော်ပြပါမည်။