တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော်   မေ   ၁၃

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၁၁ ရက်တွင် ရှမ်းပြည်နယ်    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေညောင်-ရပ်စောက်လမ်း ရေပူရွာအနီး၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသောမော်တော်ယာဉ် (၁)စီးပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် TOMZN Circuit Breaker (၂၂၅)ခု၊   တရုတ်စာတမ်းပါအချိုရည် (၄၅၆)ဘူးအပါအဝင် ကုန်ပစ္စည်း(၇)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉၇၃၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၉၇၃၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေလ ၁၁ ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Lactasoy ပဲနို့ဘူး(၁၈၀၀၀)အပါအဝင် ကုန်ပစ္စည်း(၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၄၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မေလ ၁၂ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၂၆၉)တန်၊ သစ်မာ (သုည ဒသမ ၈၃၉)တန်နှင့် အခြားသစ် (၅ ဒသမ ၁၁၀)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၂၅၃၀)ကို   သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၁၁၂၅၃၀)ကို   ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၁၂ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့နယ်၊ စံပါရီကျေးရွာအနီး၌ လိုင်စင်မဲ့ Nissan Note မော်တော်ယာဉ် (၂)စီး၊ Honda Fit မော်တော်ယာဉ် (၁)စီးနှင့် Honda Insight မော်တော်ယာဉ်(၁)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မေလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေး စခန်း၌   မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် လက်ဖက်ရည်စားပွဲ (၉၄)လုံး၊  TV Stand (၉၃)ခုအပါအဝင်  ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂၄၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၂၄၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၀၄၅)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၈၂၉၅၃၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီမှ သိရသည်။