ဟိုပုံးမြို့ နမ့်ဟူးဘုန်းတော်ကြီးကျောင်းဆရာတော်၏ အန္တိမစျာပနအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင် သွားရောက်ဖူးမြော်၊ အလှူတော်ငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဟိုပုံးမြို့ နမ့်ဟူးဘုန်းတော်ကြီးကျောင်းဆရာတော်၏ အန္တိမစျာပနအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင် သွားရောက်ဖူးမြော်၊ အလှူတော်ငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဟိုပုံး  မေ   ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး   ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု နမ့်ဟူးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် နမ့်ဟူးဘုန်းတော်ကြီး ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယာမ၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ကျောက်တန်းကျေးရွာအုပ်စု  နမ့်ဟူးဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝါယာမ သည် သက်တော်၁၀၁ နှစ် ၀ါတော် ၈၁ ၀ါရှိပြီး ဧပြီလ ၂၆ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ပျံလွန်တော်မမူမီ ဟိုပုံးမြို့နယ် ဇောတိကာရာမသြဝါဒါစရိယ၊ ပအိုဝ်းစာပေယဉ်ကျေးမှု ပြန့်ပွားရေး၊ သံဃာအဖွဲ့သြဝါဒါစရိယ၊ ဟိုပုံးမြို့နယ် သီရိမင်္ဂလာသြဝါဒါစရိယ၊  ဟိုပုံးမြို့နယ်  ပရိယတ္တိ ပါလကစာမေးပွဲကြီး သြဝါဒါစရိယ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေ စာမေးပွဲကြီး သြဝါဒါစရိယတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်တော်အား ယနေ့ မွန်းလွဲပိုင်းတွင်  နမ့်ဟူးကျေးရွာ၌ မီးသင်္ဂြိုဟ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)