မင်္ဂလာဒုံမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
ရန်ကုန် မေ ၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီ ဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် လမ်းဆုံပိုင်းရပ်ကွက်နှင့် စျေးပိုင်း ရပ်ကွက်အကြား ထောက်ကြန့်လမ်းဆုံသို့သွားရောက်၍ စည်ပင်သာယာ ဝန်ထမ်းအင်အားဖြင့် လမ်းမပေါ် သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေဆေးကြောခြင်းကို မြို့ပတ် လမ်းဆုံအထိ ဆက်လက်ဆောင်ရွက်ရန်နှင့် ဂျိုးဖြူရေပိုက်လိုင်း ဝဲ/ယာ နယ်နိမိတ်အတွင်း ကျူးကျော် တည်ဆောက်မှုများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် စျေးများနှင့်ကုန်စည်ပွဲရုံများဌာန ထောက်ကြန့် ရတနာစျေးသို့ သွားရောက်၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး၊ ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့်သားငါးများ သန့်ရှင်း လတ်ဆတ်မှုရှိ/မရှိ၊ အစားအစာများတွင် ဓာတုဆိုးဆေးများ သုံးစွဲထားမှု ရှိ/မရှိနှင့် အလေး ချိန်ခွင်မှန်ကန်စွာ ရောင်းချမှုရှိစေရေး ဆောင်ရွက်မှု အခြေအနေများကို ကြပ်မတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဧကရာဇ်ရပ်ကွက် ရန်ကုန်-ပဲခူးလမ်းရှိ စျေးများနှင့် ကုန်စည် ပွဲရုံများဌာန ရတနာ သီရိစျေးသို့သွားရောက်၍ ခြံစည်းရိုးကာရံမှု၊ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူ ထားရှိမှု၊ ရေစီးရေလာ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက် များကို မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပဲခူးလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန မြနန္ဒာပန်းခြံသို့သွားရောက်၍ ပန်းခြံအတွင်း စိမ်းလန်းစိုပြည်စေရေးအတွက် မြက်ခင်းများဖြတ်ညှိ၍ မြေယာရှုခင်းဆောင်ရွက်နေမှု၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ ရန်ကုန်-ပဲခူးလမ်းနှင့် မြနန္ဒာပန်းခြံအကြား အရှည်ပေ ၅၀၀ အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာစံပြကျေးရွာ ပုလဲ(၂)ရပ်ကွက် ဇလပ်လမ်းအား ကွန်ကရစ်ခင်းကျင်းပြီးစီးမှု၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက် ပါရမီလမ်းတွင် တကောင်းမြောင်းသို့ စီးဆင်းသည့် ပါရမီလမ်းအုတ်ရေမြောင်း တည်ဆောက်နေမှု၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှု(၃)လမ်းတွင် ခုနှစ်ပင်လိမ်ချောင်းနှင့် စက်မှုရတနာလမ်းအကြား ကွန်ကရစ် ခင်းကျင်းလမ်းအဆင့်မြှင့်တင်နေမှု၊ သာကေတမြို့နယ် ၇/အရှေ့ရပ်ကွက် ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု၊ ယာဉ်ရပ်နားရန် နေရာ တည်ဆောက်နေမှုနှင့် အုတ်ရေမြောင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)