မွန်ပြည်နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

 

မွန်ပြည်နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

 

နေပြည်တော်    ဩဂုတ်    ၁၆

    ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁  နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ အချိန်ကာလအားဖြင့် တစ်လ ကျော်သာလိုကြောင်း၊  မွန်ပြည်နယ်အနေဖြင့် ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၁၂၀၀ခန့်ဖြင့် ကောက်ယူရန် လျာထားကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း နယ်မြေဒေသတချို့၌   လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု   အခက်အခဲများကြောင့် ရက်ထပ်မံတိုးမြှင့် ကောက်ယူရန် လိုအပ်ပါက ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိကြောင်း။

သန်းခေါင်စာရင်းမှ ရရှိသော အခြေခံ ကိန်းဂဏန်းများအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လူမှုစီးပွားဖွံ့ဖြိုးရေး စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး နှိုင်းယှဉ် သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊  သန်းခေါင်စာရင်း လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေး အတွက် ကော်မတီအဆင့်ဆင့်က    ကြိုတင်စီမံ ဆောင်ရွက်ကြရန်နှင့်   အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ အားလုံးကတက်ညီလက်ညီ  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်   ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ   ကောက်ယူရေး အတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်း ပေးအပ်ရာ မွန်ပြည်နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ  ဦးတိုးဝင်းက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်   ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ   ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မော်လမြိုင်မြို့  အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြတ်ပန်းမာလာ ခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ်ပြား  ထုတ်ပေးသူများနှင့် နိုင်ငံသားကတ်ပြား   ရရှိပြီးသူများကို   e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့်   ဇီဝဆိုင်ရာအချက် အလက် (Biometric)  ကောက်ယူကာဂဏန်း ၁၀ လုံးပါသည့် Unique   ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရ အားပေးသည်။

ယင်းနောက် ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်း များနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးဆောင်ရွက်နေမှုနှင့်   ထို့ပြင် နိုင်ငံသားကတ် ရရှိပြီးသူများကို   e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ် အားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို  ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။