ပြည်တက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဈေးရောင်းပွဲတော် ကာယအလှမယ်ပြိုင်ပွဲနှင့် အနုပညာ တင်ဆက်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဈေးရောင်းပွဲတော်၊ ကာယအလှမယ်ပြိုင်ပွဲနှင့် အနုပညာ တင်ဆက်ပွဲကို ဩဂုတ်လ ၁၇ ရက်က အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
ရှေးဦးစွာ ဈေးရောင်းပွဲတော်ကို အဆိုပါ တက္ကသိုလ်ဘက်စုံသုံး ခန်းမအဆောက်အအုံအနီး၌ ကျင်းပရာ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအလိုက် ဈေးဆိုင်ခန်းများ ဖွင့်လှစ်၍ မြန်မာ့ရိုးရာနှင့် တိုင်းရင်းသားရိုးရာ အစားအစာမျိုးစုံတို့ကို ဈေးနှုန်းချိုသာစွာ ရောင်းချကြခြင်း ဖြစ်သည်။ အဆိုပါဈေးရောင်းပွဲတော်တွင် ဘာသာရပ်ပေါင်းစုံမှ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် အနုပညာတင်ဆက်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန် ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ပြည်တက္ကသိုလ်အနုပညာ အသင်းဝင် ကျောင်းသား၊ ကျောင်းသူ များက မြကျွန်းညိုညို တေးသီချင်းသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က ပြည်တက္ကသိုလ် သမိုင်းကြောင်းအပါအဝင် တက္ကသိုလ် ငွေရတုနေ့အထိမ်းအမှတ် ကျင်းပရခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ပျူအက၊ မြန်မာ့ရိုးရာမိုးဇာဗြောအက၊ ကရင် ရိုးရာဒုံးယိမ်းအက၊ သာစွဌာနေ ရာမည မြေ မွန်ရိုးရာအကအလှနှင့် မြန်မာသံစဉ် နှင့် ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေ မှုများအပါအဝင် ကဏ္ဍစုံ အဆို၊ အတီး၊ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်တက္ကသိုလ်ဘာသာ ရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲ ကျင်းပရာ အကဲဖြတ်ဒိုင်အဖွဲ့မှ အမှတ်ပေးရွေး ချယ်ကာ ဆုရရှိသူများကို တာဝန်ရှိသူ များက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။