၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

 

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

 

ပဲခူး  ဩဂုတ်  ၁၈

    ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  တော်ဝင်ဟံသာ  အစည်းအဝေးခန်းမ၌   ဩဂုတ်လ   ၁၇ ရက်က   ၂၀၂၄  ခုနှစ်   လူဦးရေနှင့်    အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်ပွဲကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကမကြာမီ  ၂၀၂၄ ခုနှစ် လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်ရာ   အဆိုပါလုပ်ငန်းသည်   လုပ်ငန်းပမာဏကြီးမား ကျယ်ပြန့်ပြီး   အလွန်ပင်တာဝန်ကြီးမားသဖြင့်  အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်  အစီအမံကောင်းများ၊ နည်းပညာများ အသုံးပြုစေကာမူ စာရင်းကောက်ယူမည့်     စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကောက်ယူနိုင်မှသာလျှင် အရည်အသွေး ကောင်းမွန်ပြီး အောင်မြင်သော သန်းခေါင်စာရင်း ဖြစ်လာမည်ဖြစ်ကြောင်း၊    တိုင်းဒေသကြီး    နည်းပြသင်တန်းသားများ အနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို   မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့်  ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး  ဦးအောင်ဝင်းဦးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ  သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်များအပေါ် တိုင်းဒေသကြီး   ဝန်ကြီးချုပ်ကလိုအပ်သည်များ ဖြည့်စွက်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/ စာရင်းကောက် ၄၂၅၉ ဦး ခန့်အပ်တာဝန် ပေးမည်ဖြစ်ပြီး  ခရိုင်ခြောက်ခု၌   စာရင်းကောက်ကွက်ပေါင်း     ၁၁၅၄၀   အားတစ်ပြိုင်တည်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။