မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

    ငါးရက်မြောက်နေ့တွင်  ငါးမူး  (ပြားငါးဆယ်)  စုမိသွားတော့သည်။ ကျွန်တော် ပိုက်ဆံပြားငါးဆယ်ကို အသေအချာဆုပ်ကိုင်ပြီး  ရုပ်ရှင်ရုံ ဘက်သို့ လှမ်းလာခဲ့၏။ ရုပ်ရှင်ရုံရှေ့မှာကပ်ထားသော ကြော်ငြာပိတ်ကားကို ကျွန်တော်လှမ်းကြည့်လိုက်သည်။ ဇာတ်ကားနာမည်က "မိုက်ခေတ် ကုန်ပြီ။" မင်းသားက ရွှေဘတဲ့။ မင်းသမီးက မြမြရီ။ သမ္မတလူကြမ်း အဖွဲ့ဖြစ်သော  ချီးဘူး၊  ရွှေညာ၊  လှဖေတို့ပါဝင်သည်။ ဇာတ်ကားနာမည် ကို  အရမ်းသဘောကျသွား၏။  မင်းသားကလည်း သူငယ်ချင်းတွေပြော နေကြသော ပြည်သူ့အချစ်တော် ရွှေဘဆိုတော့ ကျွန်တော် ပိုပြီးဘဝင်တွေ့သွားသည်။

ကျွန်တော်  ရုံဝင်ခလေးပေးပြီး ပြားငါးဆယ်တန်းဝင်ပေါက်က ဝင်လိုက်၏။ ရုံထဲတွင် လူတွေပြည့်နေပြီ။ ကျွန်တော် ကြည့်ရမည့်နေရာက သမံတလင်းမှာ ထိုင်ရသည့်အတန်း။ ကျွန်တော် ရုံထဲရောက်သွားတော့ ခပ်လှမ်းလှမ်းက  ကြည့်လို့ရသည့်နေရာလုံးဝမရှိတော့။  ကျွန်တော်ရသည့်နေရာတွင် ဝင်ထိုင်လိုက်၏။ ပိတ်ကားကို မော့ကြည့်လိုက်သည်။ ဟော ‌ဟော ဘာဖြစ်ကြတာပါလိမ့်၊ လူတွေ ဝုန်းခနဲမတ်တတ်ရပ်လိုက် ကြပါရော့လား။  ကျွန်တော့်ရင်ထဲ  ထိတ်ခနဲဖြစ်သွား၏။  ကျွန်တော် ဟိုကြည့်ဒီကြည့်လုပ်၏။

"ဟေ့ကောင် ဘာထိုင်နေတာလဲ ထလေ နိုင်ငံတော်အလံပေါ်နေပြီ မတွေ့ဘူးလား"

အနားက  အစ်ကိုကြီးတစ်ယောက်  ဟောက်လိုက်မှ   ကျွန်တော် မအူမလည်နဲ့  မတ်တတ်ရပ်ဖြစ်သွားသည်။  သူများတွေထိုင်တော့ ကျွန်တော်လည်း ရောယောင်ထိုင်လိုက်၏။

"မိုက်ခေတ်ကုန်ပြီ" ရုပ်ရှင်ဇာတ်ကားကြီးစပါပြီ။  မင်းသားရွှေဘ ဓားရှည်ကိုင်လျက် မြင်းစီးထွက်လာ၏။ သူတို့ရွာသားတွေကို အနိုင်ကျင့် ဗိုလ်ကျနေကြသော လူဆိုးဂိုဏ်းကို ခုခံ၏။ တော်လှန်၏။ ဖြိုခွင်း၏။

"ချကွာ...ချ...ရွှေဘ...ကွ"

ပရိသတ်အသံများ ဆူညံသွားသည်။

"ရွှီး...ရွှီး...ရွှီး"

လက်ခေါက်မှုတ်ပြီး မင်းသားရွှေဘကို  အားပေးသံက ကျွန်တော့် နားထဲသို့  စူးခနဲဝင်လာ၏။

"ချကွ"

"ချကွ"

"ရွှေဘ တဲ့နော်"

"ရွှေဘ တဲ့နော်"

ကျွန်တော့်မှာ ကြည့်နေရင်းနဲ့ ရွှေဘပရိသတ်ဖြစ်မှန်းမသိ ဖြစ်သွာခဲ့လေပြီ။  သူများတွေအော်တိုင်း  နောက်ကနေလိုက်လိုက် အော်ပေးရာ  ကျွန်တော့်အသံမှာ  တစ်ယောက်တည်း၊  တစ်သံတည်း အလွတ်ကြီး။ ကျွန်တော့်မှာ  ရှက်သလိုဖြစ်သွားပြီး  ဘေးဘယ်ညာကို လိုက်ကြည့်လိုက်၏။ အနားကလူတွေ  ကျွန်တော့်ကို  ပြုံးစိစိကြည့်နေကြတာနှင့်  မျက်လုံးချင်းဆုံသွားတော့ ကျွန်တော် ပိုရှက်သွားသည်။

ကျွန်တော် ရုပ်ရှင်ရုံကအပြန်တွင် "ရုပ်ရှင်ဆိုတာ အင်မတန် ကြည့်ကောင်းတာပဲ" ဟု နားလည်လိုက်ပေပြီ။ ကျွန်တော်ကတော့ လမ်းစရ သွားပေပြီ။ တစ်လလျှင် ငါးရက်လောက်စီတော့ အစာအိမ်ကို မေတ္တာ ရပ်ခံပြီး စိတ်အဆာပြေရေးအတွက် မျက်လုံးကို အာဟာရကျွေးဖြစ်မိ ပေသည်။  ကျွန်တော်၏မုန့်ဖိုးမှာ  တစ်ရက်ကို  ၁၀  ပြားဖြစ်ပါသည်။ ကျွန်တော့်ကို  တစ်ရက်မုန့်ဖိုး  ၁၀  ပြားစီပေးရန်  အဖေသည်  အဘွားကို ပေးထားခဲ့ပုံရသည်။  ကျွန်တော်  နေ့လယ်ကျောင်းဆင်းချိန်ဆိုလျှင် အဘွားသည်  ကျွန်တော့်ကို   မုန့်ဖိုး  ၁၀  ပြားစီ  ပေးနေကျဖြစ်သည်။

နွေရာသီကျောင်းပိတ်လို့ ကျွန်တော်ရွာပြန်ရောက်ချိန်တွင် ဆွေမျိုးအားလုံး  ကျွန်တော်တို့အိမ်သို့  ရောက်လာကြပြီး  ဝိုင်းအုံနှုတ်ဆက် ကြသည်။ မာကြောင်းသာကြောင်း သတင်းမေးကြသည်။ မြို့အကြောင်း၊ ပြည်အကြောင်း သိချင်သည်များကို မေးကြသည်။

ကျွန်တော်တို့ ကျွန်းစဉ်နယ်ဆိုသည်က ဒီရေရောက်မြစ်ချောင်းများ ၏ ကမ်းနဖူးတွင် ရပ်စု၊ ရွာစုတည်ထောင်ကာ တစ်ကျွန်းတစ်ရွာနေထိုင် ကြခြင်းဖြစ်သည်။ တောင်ခြေတစ်ခု ရွာတစ်ရွာ၊ ကျွန်းကလေးတစ်ကျွန်း ရွာတစ်ရွာ တည်ထားကြသည်။  တစ်နယ်လုံးတွင်  မြေပြန့်လွင်ပြင်ဟူ၍ လုံးဝမရှိ။ သို့ဖြစ်၍ တစ်ရွာနှင့်တစ်ရွာ၊ တစ်နေရာနှင့်တစ်နေရာ သွားလိုလျှင် လှေကလေးများဖြင့်သာ လှော်ခတ်သွားလာကြရသည်။ မြေပြန့်လွင်ပြင်ဟူ၍မရှိသဖြင့် စက်ဘီး၊ ဆိုက်ကား၊ မော်တော်ကား ဟူသည်ကို  မဆိုထားဘိ၊  နွားလှည်းဟူ၍ပင်  တစ်စီးတလေမျှမရှိ။

သို့ဖြစ်၍ မြို့မှာ ကျွန်တော်တွေ့ခဲ့ရသော နွားလှည်း၊ စက်ဘီး၊ ဆိုက်ကား၊ မော်တော်ကား၊ သင်္ဘော၊ လေယာဉ်ပျံများအကြောင်းကို ပြောပြသည်။ မြို့မှာ  စတိုးဆိုင်ကြီးတွေ၊  ဈေးဆိုင်ကြီးတွေဖွင့်ပြီး  ရောင်းနေကြပုံ အကြောင်း၊  ဈေးဆိုင်တန်းတွေမှာ လူတွေတန်းစီကာ ဈေးဝယ်နေကြပုံ တွေကိုလည်း ဖောက်သည်ချသည်။ ကျောင်းနေအရွယ်ဆိုလျှင် ကျောင်း အလိုက် ကျောင်းဝတ်စုံလေးတွေနှင့် ကျောင်းတက်ကြရပြီး ရုံးဝန်ထမ်း၊ ရုံးစာရေးများမှာလည်း ကိုယ့်စက်ဘီးကလေးနှင့်ကိုယ် ရုံးသွားကြရ ကြောင်းပြောပြရာ  ကျွန်တော်၏ဆွေမျိုးများမှာ  အံ့ဩမဆုံးဖြစ်နေ ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ဆွေမျိုးအားလုံးမှာ    လယ်သမားလူရိုးကြီးများပင် ဖြစ်ကြသည်။  မြို့ဆိုသည်ကို  ပြောသံ လောက်သာ ကြားဖူးသူများဖြစ်ကြသည်။ ရေလမ်းတစ်ခုတည်းကိုသာ အားကိုးနေကြရသော   ကျွန်းစဉ်သားများအတွက်  မြို့သို့တစ်ခေါက် ရောက်ရေးမှာ မလွယ်ကူပေ။

သည်တော့ အစိုးရစစ် စတုတ္ထတန်းစာမေးပွဲကို အောင်မြင်ပြီး ခရိုင်မြို့ကြီးမှာ  ကျောင်းတက်နေသော  ကျွန်တော့်လိုကျောင်းသားသည် ဆွေမျိုးထဲတွင် တစ်မိပေါက်တစ်ယောက်ထွန်း ဆိုသလိုပင် ဖြစ်နေပေတော့သည်။ သို့ဖြစ်၍လည်း ကျွန်တော်ကျောင်းပိတ်လို့ ရွာသို့ပြန်ရောက်တိုင်း ဆွေမျိုးများက အလှည့်ကျထမင်း တည်ခင်းကြသည်။ (ဧည့်ကောင်း စောင်ကောင်းတစ်ယောက်လို ထမင်းတည်ခင်းခြင်းမျိုး ဖြစ်၍ ထမင်းကျွေးသည်ဟုမသုံးဘဲ  ထမင်းတည်ခင်းခြင်းဟု  သုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်။)

မှတ်မှတ်ရရပြောရလျှင်  ကျွန်တော့်ကို  ထမင်းတည်ခင်းဖို့ တာဝန်ယူထားသော ဆွေမျိုးမိသားစုဆိုလျှင် မြစ်ချောင်းများထဲသို့ လှေကလေး နှင့်လှော်ဆင်းပြီး ငါးဟင်းစား ရှာဖွေကြသည်။ တောထဲတောင်ထဲသွားပြီး ဟင်းသီးဟင်းရွက် ဆွတ်ခူးကြသည်။ ထမင်း၊ ဟင်းချက်ပြုတ်ပြီးစီးလျှင်လည်း ဘကြီး၊ ကြီးကြီး၊ ဦးလေး၊ ဒေါ်လေးတို့ကိုယ်တိုင်  ကျွန်တော့်ကို အိမ်တိုင်ရာရောက် လာခေါ်ကြသည်။ "မလာပါနဲ့ ကျွန်တော်လာခဲ့မယ်" ပြောလည်းမရ။ ကိုယ်တိုင်ကိုယ်ကျ လာခေါ်ရမှ အားရကြသော သဘော ရှိကြသည်ဟု  သိရသည်။  ထမင်းဝိုင်းရောက်တော့လည်း  စားပါဦး၊ သောက်ပါဦးနှင့် ဟင်းတွေဝိုင်းထည့်ပေးကြရာ ထမင်းပန်းကန်မှာ ငါးဟင်းတွေနှင့် ပြည့်နေပေတော့သည်။ "တော်ပြီ တော်ပြီ" ပြောလည်း မရ၊ "စားပါဦး၊ သောက်ပါဦး"  နှင့် တိုက်တွန်းနေကြရာ "တော်ပါပြီ  တော်ပါပြီ" ဆိုပြီး ထပြေးရသည့်အခြေအနေထိပင်ဖြစ်သည်။ ဤသည်မှာ တစ်နှစ်တည်းသာမဟုတ်၊  နွေရာသီကျောင်းပိတ်လို့ ကျွန်တော်  ရွာသို့ပြန်ရောက်တိုင်း ဆွေမျိုးသားချင်းတွေ ပြုနေကျဝတ္တရားပင်ဖြစ်သည်။

ကျွန်တော့်ဘဝ  ပြေးလမ်းတစ်လျှောက်မှာ  လွမ်းမောဖွယ်ရာအဖြစ် တွေမို့ အမှတ်တရ တင်ပြပေးလိုက်ရခြင်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။