မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံစတား အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဩဂုတ် ၁၈
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက် ရှိနေသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဒဂုံစတားအသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၇) အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကျောက်တိုင် အားကစားကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံစတားအသင်းတို့ ကစားခဲ့ရာ ဒဂုံစတားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံစတားအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ဇင်မင်းထွန်းက သွင်းယူနိုင်ခဲ့သည်။
အလားတူ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ရတနာပုံ အက်ဖ်စီအသင်းနှင့် မြဝတီအက်ဖ်စီ အသင်းတို့ကစားခဲ့ရာ ရတနာပုံအက်ဖ်စီ အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ရတနာပုံ အက်ဖ်စီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၆ မိနစ်နှင့် ၄၂ မိနစ်တို့တွင် တီငြိမ်မင်းနှင့် ပွဲချိန် မိနစ် ၉၀ တွင် ပြည့်မိုးတို့က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)အဖြစ် ဩဂုတ်လ ၁၉ ရက်(ယနေ့)ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌မဟာယူနိုက်တက် အသင်းနှင့် သစ္စာအားမာန် အသင်းတို့ ဆက်လက် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။