ဆော်ဒီစူပါဖလား ဗိုလ်လုပွဲတွင် စီရော်နယ်ဒိုပါဝင်သည့် အယ်နာဆာ အသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး အယ်ဟီလယ်အသင်း ချန်ပီယံဆု ဆွတ်ခူး
ဆော်ဒီစူပါဖလားဗိုလ်လုပွဲတွင် စီရော်နယ်ဒို ပါ၀င်ကစားနေသော အယ်နာဆာအသင်းနှင့် အယ်ဟီလယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အယ်ဟီလယ်အသင်းက ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ဆော်ဒီစူပါဖလားပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် အယ်နာဆာအသင်းနှင့် အယ်တာဝိုအန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အယ်နာဆာအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက် နိုင်သကဲ့သို့ အယ်ဟီလယ်အသင်း ကလည်း အယ် အာလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီ အဆုံးအဖြတ်ဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီစူပါဖလား ဗိုလ်လုပွဲအဖြစ် အယ်နာဆာ အသင်းနှင့် အယ်ဟီလယ်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၄၄ မိနစ်တွင် စီရော် နယ်ဒိုက အယ်နာဆာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၅၅ မိနစ်တွင် မီလင် ကိုဗစ်ဆာဗစ်ချ်၊ ပွဲချိန် ၆၃ မိနစ်နှင့် ၆၉ မိနစ်တို့တွင် မက်ထရိုဗစ်ချ်နှင့် ပွဲချိန် ၇၂ မိနစ်တွင် မယ်လ်ကွန်တို့ က အယ်ဟီလယ်အသင်းအတွက် ချေပဂိုးနှင့် အနိုင် ဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် အယ်ဟီလယ်အသင်းက အယ်နာဆာအသင်းကို ၄ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အယ်ဟီလယ်အသင်းသည် ပြီးခဲ့သည့်ဘောလုံး ရာသီကလည်း ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ရမှတ် ၉၃ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှ အယ် နာဆာအသင်းကို ရမှတ် ၁၄ မှတ်အထိ ဖြတ်တောက်ပြီး ဆော်ဒီပရိုလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ ယခုအခါတွင်လည်း အယ်နာဆာအသင်းကို ကျော် ဖြတ်ပြီး ဆော်ဒီစူပါဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။
အယ်ဟီလယ်အသင်းသည် ဆော်ဒီစူပါဖလား ဗိုလ်လုပွဲသို့ စုစုပေါင်းခုနစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆုငါးကြိမ်အထိ ရယူနိုင်ခဲ့ကာ အအောင်မြင်ဆုံး အသင်းအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ ကြောင်း သိရသည်။