တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် မေ ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ငုဝါလမ်း၊ ဉာဏရပ်ကွက်၊ ခြံအမှတ် (၁၆၉)၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ကလေးကစားစရာပစ္စည်းမျိုးစုံ (၁၂၀၀) ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း(၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေလ ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်(၁)ဦး၏ဝန်စည်အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Yxinu Folding Drone with Accessories (၂)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Nabati Cheese ဝေဖာ (၁၄၀၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေလ ၁၂ ရက်တွင် ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ တောင်ငူမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lipovitan-D အားဖြည့်အချိုရည် (၄၅၀၀)ပုလင်း၊ Yum Yum ခေါက်ဆွဲခြောက် ၃၀၀၀ ထုပ်၊ Sue Sat ဆပ်ပြာမှုန့်(၄၈၀)ထုပ်၊ ယိုးဒယားစာတန်းပါ စိုက်ပျိုးရေးသုံးဆေး (၆၂၄)ဘူး အပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၅၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Mini Bus (၁)စီး၊ Yutong Bus (၁)စီးနှင့် Sunglong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မေလ ၁၃ ရက်တွင် တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၆ ဒသမ ၆၃၄)တန်၊ သစ်မာ(၃ ဒသမ ၁၈၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၂၅၃၀)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၄၃၀၅၃၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေလ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ (၁၆၀၀၀)ပိဿာ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေလ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့်ဖျာပုံခရိုင်တို့ အတွင်း၌ တရားမဝင် အခြားသစ် (၅ ဒသမ ၉၁၆)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၄၇၈၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေလ ၁၀ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၈၈၅၃၁၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။
