ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern- PHEIC) အဖြစ်ကြေညာထားသော Mpox(မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern- PHEIC) အဖြစ်ကြေညာထားသော Mpox(မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း

 

၁။ (၂၀၂၄)ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ(DRC)နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါပိုး မျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာကူးစက် ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက် ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄)ခုနှစ်၊ ဩဂုတ်လ၊ (၁၄)ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါသည်။

၂။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Mpox(မျောက်ကျောက်) ရောဂါအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် (၂၀၂၂) ခုနှစ်၊ ဇူလိုင်လ၊ (၂၃)ရက်နေ့တွင် ပထမအကြိမ်ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) လုပ်ငန်းအား   နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေး ဌာနများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုသိသာစွာ ကျဆင်းလာသည့်အတွက် (၂၀၂၃)ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမှ ဖြေလျှော့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ (၂၀၂၂)ခုနှစ်မှ လက်ရှိအချိန်အထိ    သံသယလူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉)ခုအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာတွင် Mpox (မျောက်ကျောက်) ရောဂါအတည်ပြုလူနာ မရှိသေးကြောင်း တွေ့ရှိရပါသည်။

၃။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေ သတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများ ရှိနေသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသည် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေး အသိပညာပေးခြင်း တို့အား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

၄။     Mpox(မျောက်ကျောက်)ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုး ကူးစက်ခံရသော တိရစ္ဆာန်နှင့်တိုက်ရိုက် ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများ အားဖြင့် အဓိကကူးစက်နိုင်ပါသည်။

၅။    Mpox(မျောက်ကျောက်)ရောဂါ သံသယလက္ခဏာ ခံစားနေရသူနှင့် အနီးကပ် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (mask)ကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ (သို့မဟုတ်) ရေမလို လက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာ ခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

၆။   ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများ ပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်း ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်း အစရှိသော လက္ခဏာများ ရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖု ထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ)နှင့် ထိတွေ့မိခြင်း ရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်း ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှု ခံယူကြပါရန် သတင်း ထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

Dates: 
Tuesday, August 20, 2024 - 14:53