ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဌာန/အဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှု ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကွင်းဆင်းကြည့်ရှု စစ်ဆေး
နေပြည်တော် ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဌာနအလိုက် တာဝန်ရှိသူများက လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ရှင်းလင်း ဆောင်ရွက်ပေးပြီး ဌာနတာဝန်ခံများ အနေဖြင့် မိမိဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ခံစားခွင့်ကိစ္စရပ်များကို လစ်ဟင်းမှုမရှိစေဘဲ တတ်နိုင်သမျှအလေးထား ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲများနှင့် တွေ့ကြုံရပါက သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြသတင်းပို့ ဆောင်ရွက်သွားကြရန် မှာကြားကာ ပူတာအိုမြို့၌ တာဝန် ထမ်းဆောင်နေသော ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီအစရှိသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများ၏ ရုံးအဆောက် အအုံများ၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် ရုံးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း မှာကြားသည်။
ထိုမှတစ်ဆင့် ပူတာအိုလေဆိပ်သို့ ရောက်ရှိပြီး လေကြောင်းဖြင့် ခရီးသွားလာလျက်ရှိသော ခရီးသွား လုပ်သားပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေး အတွက် ဆိုက်ရောက်/ ထွက်ခွာမှု အခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ လေယာဉ်ပြေးလမ်း မီးအခြေအနေများ၊ လေကြောင်းထိန်း မျှော်စင်၏ ဆက်သွယ်ရေးစက်များ၊ လေကြောင်းထိန်း စနစ်များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း၏ ဝဲ/ယာမြက်ပင်ရှည်ချုံနွယ်များ ပုံမှန်ရှင်းလင်းထားရှိမှု အခြေအနေများနှင့် ပန်းနှမ်းပင်များ စိုက်ပျိုးရန် လျာထားသည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။