ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

 

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

 

ပြည်    ဩဂုတ်    ၁၉

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီး များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် သည် ပြည်မြို့နယ် မြောင်းဆုံကျေးရွာအုပ်စု ၌ ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင်  ကောက်စိုက် လုံမေများဖြင့် သက်တမ်းတူ မျိုးတူစပါးမျိုးဖြင့် အစားထိုးပြန်လည် စိုက်ပျိုးနေမှုအား  ကွင်းဆင်းကြည့်ရှု အားပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့နယ် အုတ်ဆွဲကျေးရွာ အုပ်စု ဝန်တင်ဆိပ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခုနှစ် တစ်ကွင်းတစ်ဆက်တည်း ဧက၂၁၄ ဧက ဝါအထူးဇုန်ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းပိဿာ ၇၀၀ ကျော်ထွက်ရှိသည့် ဝါစိုက်ခင်းသို့ သွားရောက်ကြည့်ရှုပြီး  သီးထပ်စွမ်းအား ထပ်မံတိုးတက် ရရှိစေရေး Mobile Solar Pump တပ်ဆင်ပေးရန်၊ စိုက်ပျိုးရေးသုတေသနမှ စမ်းသပ်ထားသည့် ပြည်တွင်းမျိုး KTK နှင့် ပြည်ပမျိုး B-31 မျိုးများအား ယခုစိုက်ပျိုးသည့် ရာကာ ၆၆၆ မျိုးနှင့်  မျိုးယှဉ်ပြိုင်စမ်းသပ်စံပြကွက်များ ဖော်ဆောင်ပေးရန်  တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်မြို့နယ် ဝက်ထီးကန်မြို့ ပျဉ်းမအိုင်ကျေးရွာအုပ်စု တောင်သူ ဦးထွန်း ထွန်း၏ ၂၀၂၄-၂၀၂၅ ခုနှစ် ကြံလမိုင်းခင်း ပန်းတိုင်အထွက်နှုန်း တန် ၃၀ ကျော်ထွက်ရှိ မည့် ကြံစံပြစိုက်ခင်းနှင့် ပြည်မြို့ ဆင်စု ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်လျက် ရှိသော “ကောင်းသန့်” မလိုင်နှင့်ယိုမျိုးစုံ လုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှု အားပေးပြီး ဂျယ်လီနှင့် ဖျော်ရည်အမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ၎င်း နောက် “တပြည်သူ” ရှားစောင်းလက်ပပ် ယိုနှင့်   ပဲနံ့သာဆေးလက်ဖက်ခြောက် လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးပြီး မြန်မာ့တိုင်းရင်းဆေးများအား ခေတ်မီ နည်းစနစ်များဖြင့်  ထုတ်လုပ်ဆောင်ရွက် ရန်၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ရရှိရေးနှင့် ချေးငွေရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Dates: 
Tuesday, August 20, 2024 - 20:13