၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း တံခွန်စိုက် ဆုဖလားများ ဆွတ်ခူး

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း တံခွန်စိုက် ဆုဖလားများ ဆွတ်ခူး

 

နေပြည်တော်   ဩဂုတ်   ၁၉

    ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည်အခမ်းအနားသို့ တက် ရောက်လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  အမျိုးသားဖူဆယ် ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ    ရန်ကုန်တိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို   ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက်   ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးထွန်းအုံ၊  ဦးအောင်ကျော်ဟိုးနှင့် ဦးကိုကိုလှိုင်၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသမီး အကောင်းဆုံး ဂိုးသမားဆု၊ အမျိုးသားအကောင်းဆုံးဂိုးသမားဆု၊  အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုနှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆု ရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးရွှေကြိမ်းက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင်  တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ခွန်စံလွင်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်း ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဒေါက်တာမှုထန်က အမျိုးသားဖူဆယ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို လည်းကောင်း တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်၊    တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပိုးရယ်အောင်သိန်းက အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်ဒွဲဘူက  အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း  တစ်ဦးချင်း ဆုတံဆိပ်၊    ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်  ပြည်နယ်နှင့်တိုင်းဒေသကြီး  အမျိုးသား ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ်    အမျိုးသမီးဖူဆယ်ပြိုင်ပွဲ တတိယလုပွဲ  ပွဲစဉ်တွင် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက    ရှမ်းပြည်နယ်အသင်းကို ၇ ဂိုး ၆ ဂိုးဖြင့်လည်းကောင်း၊ အမျိုးသား ဖူဆယ်ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၈ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ် အသင်းကို ၉ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို  မြန်မာ့ဖူဆယ် အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖူဆယ်အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကား ပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစားနည်း ပိုမိုပြန့်ပွားလာစေရေး၊  လူငယ်ထု အတွင်း ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးတို့အတွက်   ရည်ရွယ်၍ ဩဂုတ်လ ၁၁ ရက်မှ  ၁၉ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား ၁၅ သင်းနှင့်  အမျိုးသမီး ၁၄ သင်းတို့မှ စုစုပေါင်း အားကစားသမား ၅၂၅ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Dates: 
Tuesday, August 20, 2024 - 20:19