ဆော်ဒီစူပါဖလား ဗိုလ်လုပွဲအပြီးတွင် စီရော်နယ်ဒိုအနေဖြင့် အယ်နာဆာအသင်းမှ ထွက်ခွာရန် သတင်းများ ထွက်ပေါ်
ရီယက် ဩဂုတ် ၁၉
ဆော်ဒီစူပါဖလား ဗိုလ်လုပွဲအဖြစ် အယ်နာဆာအသင်းနှင့် အယ်ဟီလယ် အသင်းတို့ ကစားသည့် ဗိုလ်လုပွဲအပြီးတွင် စီရော်နယ်ဒိုအနေဖြင့် အယ်နာဆာ အသင်းမှ ထွက်ခွာရန် သတင်းများ ထွက်ပေါ်လာကြောင်း သိရသည်။
ဆော်ဒီစူပါဖလားဗိုလ်လုပွဲတွင် စီရော်နယ်ဒိုသည် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်သော် လည်း အယ်ဟီလယ် အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူနိုင်သောကြောင့် ပွဲအပြီးတွင် အယ်နာဆာ အသင်းအနေဖြင့် ၄ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
အဆိုပါပွဲတွင် စီရော်နယ်ဒိုသည် အသင်းဖော်များ၏ ကြိုးစားလိုစိတ်မရှိမှုကို ကွင်းအတွင်း၌ပင် အော်ဟစ်၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အသင်းဖော်များ၏ စွမ်းဆောင်ရည်ပိုင်းကို အားမလိုအားမရဖြစ်ကာ အမူအရာဖြင့် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် အယ်နာဆာအသင်းမှ ထွက်ခွာရန် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာ ခြင်းဖြစ်သည်။
အယ်နာဆာအသင်းနှင့် အယ်ဟီလယ်အသင်း တို့ပွဲတွင် အယ်ဟီလယ်အသင်း ပရိသတ်များက ပွဲချိန်အတွင်း စီရော်နယ်ဒိုကို လှောင်ပြောင်သည့် အနေဖြင့် မက်ဆီအမည်ကို အော်ဟစ်အားပေးမှုများ လုပ်ဆောင်ခဲ့သကဲ့သို့ အယ်ဟီလယ်အသင်း ခေါင်းဆောင် ဆာရီကလည်း စီရော်နယ်ဒိုကို လှောင်ပြောင်သည့်အနေဖြင့် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်ပြီး အောင်ပွဲခံသည့် အမူအရာဖြင့် အောင်ပွဲခံခဲ့သည်။
စီရော်နယ်ဒိုသည် ဆော်ဒီစူပါဖလား ဗိုလ်လုပွဲအပြီးတွင် အသင်းဖော်များ၏ စွမ်းဆောင်ရည်ပိုင်းကို ဒေါသထွက်ခဲ့ပြီး ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ပြီးနောက် ဆုပေးပွဲအခမ်းအနားတွင် ဆုလက်ခံရယူခြင်းမရှိဘဲ ပွဲအပြီးတွင် ကွင်းအတွင်းမှ ချက်ချင်း ထွက်ခွာခဲ့သည်။
စီရော်နယ်ဒိုသည် အယ်နာဆာ အသင်းတွင် တစ်ဦးချင်း မှတ်တမ်းကောင်းများ ရယူနိုင်ခဲ့သော် လည်း အသင်းနှင့်ဆုဖလား ရယူနိုင်ခြင်း မရှိသေးဘဲ ဆော်ဒီပရိုလိဂ် ဖလားကို လက်လွှတ်ခဲ့ရသည့်အပြင် ဆော်ဒီစူပါဖလားကိုလည်း လက်လွှတ်ခဲ့ရကြောင်း သိရသည်။