တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု စစ်ဆေး
တောင်ငူ မေ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ရုံ၌ ကောက်ရိုးပျော့ဖတ်စမ်းသပ်ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရေတာရှည်မြို့နယ် မြို့လှမြို့ (၁)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ဦးဇေယျာမင်း၏ Light House ကော်ဖီမှုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လာမည့်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)အား ဧက ၁၀၀၀ စိုက်ပျိုးသွားမည်ဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် တိုးတက် ထုတ်လုပ်နိုင်မည်ဖြစ်ကာ ကော်ဖီမှုန့်အပြင် ကော်ဖီနှင့်ပတ်သက်၍ အသေးစား စားသုံးကုန်အမယ်သစ်များ ထပ်မံထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တောင်ငူမြို့နယ် ဇရပ်ကြီးကုန်းကျေးရွာအုပ်စုရှိ ဦးဟန်ထူး၏ ဝါးတူစက်ရုံသို့ သွားရောက် ကြည့်ရှုခဲ့ပြီး ဒေသခံအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း များများရရှိသည့် လုပ်ငန်းဖြစ်၍ အားပေးလျက်ရှိကြောင်း၊ ဝါးတူထုတ်လုပ်ရာတွင် အသုံးပြုသည့်ဝါးများအား ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ခြင်းအားဖြင့် စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်မည်ဖြစ်ကာ ဝါးစိုက်ပျိုးခြင်းအား လုပ်ကိုင်နိုင်ရေးစီစဉ် ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ (၂၀)ရပ်ကွက်ရှိ ဦးစောအယ်ဒို၏ ဒေသကြက်မွေးမြူရေးနှင့် သားပေါက်လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့ တိုင်းရင်းကြက်မျိုးကို မျိုးမြှင့်သားစပ်ဖောက်လုပ်ထား၍အကြီးမြန်ပြီး မွေးမြူရလွယ်ကူကာ စီးပွားဖြစ်မွေးမြူသင့်၍ မြစိမ်းရောင်ကျေးရွာများတွင် စတင်မွေးမြူနိုင်ရေး ဆောင်ရွက်သွားရန် တာဝန် ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ် မြင်းစာခွက်ကျေးရွာ၌ နွေစပါးစံပြကွက် ကောင်း၊ သင့်၊ ညံ့ အပိုင်းလိုက်ခွဲ၍ ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှတင်း ၁၃၀ ကျော်ထွက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးအပြင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးမည့် ဒေသကြက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(၄၀၁)၊ တင်စိုး(ပဲခူး)