နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ အောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ အောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    ဩဂုတ်    ၂၀

    မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်ရန်  အဆင့်မီဆီစက်များလည်း လိုအပ်နေသဖြင့်   ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများအောင်မြင်ရေး အတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး  (Monitoring  and Evaluation) အဖွဲ့ခေါင်းဆောင်ဖြစ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းတွင်   အဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ မကွေးတိုင်းဒေသကြီး  မကွေးမြို့နယ်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

ဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် မကွေးမြို့ရှိ "မကွေးအမေစိန်"ဆီစက်၊ "ကောင်းသန့်" ဆီစက်၊  "အောင်စင်္ကြာ" ဆီစက်နှင့်    "ရွှေပြည်"  ဆီစက်တို့သို့ သွားရောက်ပြီး ဆီစက်လုပ်ငန်းများ လည်ပတ်နေမှုနှင့် ကုန်ကြမ်း သိုလှောင်ထားရှိမှု အခြေအနေများ၊ ချေးငွေထုတ်ယူပြီးစီးမှု အခြေအနေများ၊ ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ်လိုက်နာ သုံးစွဲမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးရာ လုပ်ငန်းအခက်အခဲများ အပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အတူ   ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

Dates: 
Wednesday, August 21, 2024 - 07:35