ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
စစ်တွေ ဩဂုတ် ၂၀
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၄)ခုနှစ် ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ကျောင်းသား၊ ကျောင်းသူများ၊ မိခင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးများနှင့် အသက်ငါးနှစ်အောက် ကလေးများသည် အာဟာရချို့တဲ့မှုကို ထိခိုက်ခံစားလွယ်သည့် အုပ်စုများဖြစ်ကြောင်း၊ အာဟာရအသိပညာ
ပေးလုပ်ငန်းများဖြစ်သည့် အာဟာရ ချက်ပြုတ်သရုပ်ပြခြင်း၊ ဖြည့်စွက်စာနှင့် ပတ်သက်သည့် နှစ်သိမ့်ဆွေးနွေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အာဟာရချို့တဲ့သော ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား စောစီးစွာရှာဖွေ ကုသပေးခြင်း အစရှိသောလုပ်ငန်းများတွင် နှီးနွှယ်ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ပြည်သူများ၏ အာဟာရအဆင့်အတန်းကို မြှင့်တင်ရာတွင် ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ဩဂုတ်လရောက်တိုင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အဖြစ်သတ်မှတ်ပြီး ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် လှုပ်ရှားမှုများ ဆောင်ရွက်ကာ ပြည်သူလူထုအတွင်း အာဟာရနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှုများ ပိုမိုတိုးတက်အောင် လုပ်ဆောင်ပေးနေကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စံပြနို့တိုက်မိခင်ဆု၊ အာဟာရသားကောင်း မိခင်စံပြဆု၊ ကျန်းမာပြည့်ဝအာဟာရ ကလေးစံပြဆု၊ ဘဝရှေ့ဆောင်ရက်(၁၀၀၀)စံပြဆုနှင့် ကျန်းမာဉာဏ်ရွှင် သားကောင်း မိခင်ဆုရရှိကြသော မိခင်များနှင့် ကလေးများအား ဆုများပေးအပ်ချီးမြှင့်ကြကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် အသိပညာပေး Video Clip ကိုပြသသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသက်ငါးနှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံး တိုက်ကျွေးကာ အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားနှင့် အာဟာရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလေးများက ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာများအား ခင်းကျင်းပြသခြင်းနှင့် စနစ်တကျ လက်ဆေးနည်းများ သရုပ်ပြသမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။