စက္ကူစက်ရုံ (ရေနီ) အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဩဂုတ် ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်း တွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိရာ တစ်နေ့တန်(၂၀) ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စစ်ဆေးပြုပြင်ပြီး စက်ကိရိယာများ စမ်းသပ်လည်ပတ် မောင်းနှင်နေမှု၊ အလိုအလျောက် ထိန်းချုပ်မောင်းနှင်သည့်စနစ်များ စစ်ဆေးပြုပြင်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ကုန်ကြမ်းပစ္စည်းများအား စနစ်တကျ သန့်စင်ပြီးမှသာ သုံးစွဲရန်၊ ကုန်ကြမ်း သန့်စင်မှုမရှိလျှင် ထုတ်လုပ်မှုနည်းစဉ် တစ်လျှောက်တွင်လည်း ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ချောများ၏ အရည်အသွေးကိုလည်း ထိခိုက်နိုင်မည်ဖြစ်သဖြင့် စနစ်တကျစစ်ဆေးပြီးမှသာ အသုံးပြုရန်၊ စက်ပစ္စည်းစစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ စက်ပစ္စည်းများကို ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျဆောင်ရွက်ရန်၊ စက်ရုံလည်ပတ်၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော စက်ပစ္စည်း ကိရိယာများကို အမြန်ဆုံး ဝယ်ယူဖြည့်တင်းရန်၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများပြီးစီး၍ စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများနှင့် စက်အရန်ပစ္စည်းများကို ပြည့်စုံစွာဖြည့်တင်းထားရန်၊ စစ်ဆေးပြုပြင်ပြီးစီးသည့် စက်ပစ္စည်းကိရိယာများအား သံချေးတက်ခြင်း၊ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆေးများ ပြန်လည်သုတ်ထားရန်၊ ထုတ်လုပ်မှုနည်းစဉ် တစ်လျှောက် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ထားရန်၊ ကုန်ထုတ်လုပ်မှု နည်းစဉ်များနှင့် ပတ်သက်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းခွင်မပြတ် ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။