ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)အုပ်စုအဆင့်  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)အုပ်စုအဆင့်  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၂၀

    ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ပေါင်းစုံ(ဇုန်-၁) အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ    သုဝဏ္ဏဘောလုံး အားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။ 

ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ် နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ဘောလုံးအားကစားအသင်း   အုပ်ချုပ်သူများနှင့် အားကစားသမားများ၊   သက်ဆိုင်ရာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် သူနာပြု/သားဖွား သင်တန်းသား၊ သင်တန်းသူများ    တက်‌ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်အဆင့်ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်နှင့်    ၂၀၂၄    ခုနှစ် စက်တင်ဘာလတွင်     နေပြည်တော်၌ ကျင်းပမည့် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသို့   ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်  ယခုကဲ့သို့ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ (ဇုန်-၁) အုပ်စုအဆင့် ဘောလုံး ပြိုင်ပွဲများကို  ကျင်းပရခြင်းဖြစ်ကြောင်း၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း စည်းလုံးညီညွတ်မှု ရရှိရေးနှင့် ဘောလုံးကစားခြင်းကို    ပိုမိုစိတ်ဝင်စားမှုများလာစေရန် ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ဆေးတက္ကသိုလ်နှင့်   ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ  ဘောလုံးပြိုင်ပွဲ ကျင်းပရေး    ကော်မတီနာယက  ပြည်ထောင်စုဝန်ကြီးက ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က အလှူငွေကျပ် သိန်း ၆၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌက  အလှူငွေကျပ်သိန်း ၅၀ နှင့် ဘောလုံးအလုံး  ၅၀  ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးထံသို့     ပေးအပ်လှူဒါန်းသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပြိုင်ပွဲဝင် အားကစားသမားများကို လိုက်လံနှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးက ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို လည်းကောင်း၊    ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များကို လည်းကောင်း ဆုငွေများချီးမြှင့်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ဇုန်(၁) အုပ်စုပွဲစဉ်(၁)အဖြစ် ဆေးတက္ကသိုလ်(၁) ရန်ကုန်အသင်းနှင့် ဆေးဝါးတက္ကသိုလ် အသင်းတို့ ယှဉ်ပြိုင်ကြရာ ဆေးတက္ကသိုလ်(၁) ရန်ကုန်အသင်းက ဆေးဝါးတက္ကသိုလ်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

‌ဆေးတက္ကသိုလ်နှင့်   ဆေးပညာနှီးနွှယ် တက္ကသိုလ်အသီးသီး၏    အသင်းလိုက် ပတ်လည် ဘောလုံးပြိုင်ပွဲများကို ဇုန်(၂)ခုခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး    ဇုန်(၁)ပြိုင်ပွဲများကို ရန်ကုန်မြို့၌   ဩဂုတ်လ ၂၀   ရက်မှ ၂၅  ရက်အထိလည်းကောင်း၊ ဇုန်(၂)ပြိုင်ပွဲများကို  နေပြည်တော်၌   ဩဂုတ်လ   ၂၃ ရက်မှ ၂၅ ရက်အထိ လည်းကောင်း၊  ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၌ လည်းကောင်း ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။ 

Dates: 
Wednesday, August 21, 2024 - 08:53