တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကြည့်ရှုစစ်ဆေး

 

တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၁၆

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ  တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း၌  မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို RBE ရထားဖြင့်လိုက်ပါစီးနင်း၍ စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ရထားလမ်း အတွင်းရှိရမည့်   လမ်းခင်းကျောက်ထုအတိုင်း စနစ်တကျဖြည့်တင်း၍ Hand  Tamping  Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ပါကင်ရိုက်ခြင်း လုပ်ငန်းကို သေချာစွာဆောင်ရွက်ရန်၊  ကွေ့နေရာများတွင် Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍   ဒုတိယဝန်ကြီးသည် တောင်ငူမီးရထားတိုင်းရုံး၌ မြန်မာ့မီးရထား တိုင်းအဆင့် အရာထမ်းများနှင့် ရန်ကုန်- မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအပိုင်း(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများကို တွေ့ဆုံ၍ မိမိတိုင်းနယ်မြေ အတွင်းရှိ    ဘူတာများ၊ ယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊    ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊   ခရီးသွား ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင်လည်း  Service Manual များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊   ဘူတာယာဒ်ဝင်းနှင့်  ရထားလမ်းတစ်လျှောက်ရှိ   ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်  ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည်  ရန်ကုန် - တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှ စီမံကိန်းအင်ဂျင်နီယာများကို မိမိတို့၏ အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို  သတ်မှတ်ထားသည့် ကာလအတွင်း  အချိန်မီပြီးစီးရေး၊ ရထားလမ်းပိုင်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားရေး၊ အချက်ပြဆက်သွယ်ရေး စနစ်တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း ရထားလမ်းနှင့်အတူ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို  ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။