နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၁
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ဩဂုတ်လ ၂၀ ရက်နေ့က လျှပ်စစ် မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖို မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် ပုဗ္ဗသီရိမြို့နယ်၊ ညစျေးအနီး ဇော်ဂျီလမ်းပေါ်တွင် အမျိုးသား ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိ စစ်ဆေးခဲ့ရာ တပင်ရွှေထီးရပ်ကွက်နေ နေထက်လင်း(ခ) ဘဂျစ်(၁၉)နှစ်(ဘ)ဦးလင်းလင်းနှင့် ကျည်တောင်ကန် (၁)ရပ်ကွက်နေ ရဲထက်ပိုင်(ခ) ညိုလေး(၂၂)နှစ်(ဘ)ဦးညိုကြီးတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးထံမှ အဖြူရောင် ကြွပ်ကြွပ်အိတ်အတွင်း လျှပ်စစ်မီးကြိုး(ကြေးကြိုး)ဖြတ်စ(၅၀)ကျပ်သားခန့်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
စစ်ဆေးချက်အရ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ)ညိုလေးတို့ ၂ ဦးသည် အဆိုပါလျှပ်စစ်မီးကြိုးများအား ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်တစ်အိမ် အတွင်းမှ ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ပြီး ၎င်းအပြင် ကွန်ပရက်ဆာ ၁ လုံး၊ မော်တာ ၁ လုံးနှင့် ရေမော်တာ ၁ လုံး တို့အားခိုးယူခဲ့ပြီး နေထက်လင်း(ခ)ဘဂျစ်၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများအား သွားရောက် သိမ်းဆည်းခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ) ညိုလေးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။