ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဩဂုတ် ၂၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကလေးဆေးရုံကြီး-ရန်ကုန်သို့ရောက်ရှိကာ ဆေးကုသဆောင်၊ ကလေးခွဲစိတ်ကုသဆောင်၊ မွေးကင်းစ ကလေးကုသဆောင်၊ အထူးကြပ်မတ် ကုသဆောင်နှင့် ကလေး အရိုးကုသဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို တင်ပြသည်။
ယင်းနောက် ဌာနရန်ပုံငွေဖြင့် ဝယ်ယူ ထောက်ပံ့ထားရှိသည့် ဆေးဝါးများရရှိ သုံးစွဲမှုအခြေအနေ၊ နိုင်ငံတော် အစီအစဉ်ဖြင့် ရောဂါရှာဖွေရေး၊ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ပေးနိုင်မှု၊ လိုအပ်သော ကုသမှုများရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ဆောင်ရွက်နိုင်မှုတို့ကို စစ်ဆေးကာ လူနာများ နေရာကျယ်ဝန်းစွာကုသမှုခံယူနိုင်ရေး အတွက် ဖျားနာဆောင် တိုးချဲ့ဖွင့်လှစ်ရန်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များ အားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေး အထူးအဖွဲ့-၁ မှ တာဝန်ယူ ဆောက်လုပ်ခဲ့သော တိုးချဲ့ ခြောက်ထပ် ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကာ အမြန်ဆုံးလွှဲပြောင်း/လက်ခံ ဆောင်ရွက်ရန်နှင့် အတွင်းလူနာထားရှိ ကုသနိုင်ရေး လိုအပ်သည်များ ပြင်ဆင်ထားရှိရန် မှာကြားသည်။
ညနေပိုင်းတွင် မျက်စိရောဂါအထူးကု ဆေးရုံကြီး ရန်ကုန်သို့ရောက်ရှိကာ မြေညီထပ်ရှိ ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ရေတိမ်ရောဂါ အထူးကုစမ်းသပ်ခန်း၊ မျက်စိရောဂါ အထူးစမ်းသပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပထမထပ်ရှိ ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မြင်လွှာနှင့် မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ခွံ၊ မျက်ရည်လမ်းကြောင်း၊ မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ လေဆာခန်း၊ ဒုတိယထပ်ရှိ အမျိုးသမီးဆောင်၊ သီးသန့်လူနာခန်းများနှင့် တတိယထပ်ရှိ ရန်ကုန်အမျိုးသား မျက်စိဘဏ်တို့အား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ရန်ကုန် အမျိုးသားမျက်စိဘဏ် မျက်ကြည်လွှာ လှူဒါန်းမှုပိုမိုရရှိရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ မျက်စိခွဲစိတ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ရန်၊ မျက်တွင်းမှန်ဘီလူးများ ပိုမိုထောက်ပံ့နိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး ရန်ကုန်မြို့သို့ရောက်ရှိကာ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာနများသို့ လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး အပါအဝင် တာဝန်ကျ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေးနှင့် ဆေးရုံသုံး ပစ္စည်းများ သပ်ရပ်တင့်တယ်စေရေး လိုအပ်
သော ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ပြင်ပလူနာကြည့်ရှုကုသမှု ပိုမိုအားဖြည့်ဆောင်ရွက်ရန် မှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။