ဆီဆိုင်မြို့ကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးနိုင်ခြင်းဖြင့် ကျန်သည့်နယ်မြေဒေသများကလည်း နမူနာယူဆောင်ရွက်ရမည့် အနေအထားတစ်ခုဖြစ်အောင် ကြိုးစားရမည်
တောင်ကြီး မေ ၈
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဆီဆိုင် မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်မှုအပေါ် မိမိမှတာဝန်ယူ၍ အထက်အဖွဲ့အစည်းသို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ် ကျေးရွာအချို့ ပျက်စီးမှုများရှိခဲ့ပြီး အတိုင်းအတာ တစ်ခုအထိ အစိုးရအဖွဲ့၊ သက်ဆိုင်ရာဒေသရှိ ဆရာတော်များ၊ ဒေသခံပြည်သူများ၏ မြန်မြန်ဆန်ဆန် ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ပြောကြား လိုသည်မှာ တိုက်ပွဲများဖြစ်ပွားပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ သိမ်ငယ်ညှိုးငယ်မှု မဖြစ် ရအောင် အချို့ကဏ္ဍများတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဦးစားပေး ၀ိုင်းဝန်း၍ ဆောင်ရွက် ပေးကြရန်နှင့် ပန်လျန်းရွာနှင့် နန်းဟူးရွာတွင် လျှပ်စစ်မီတာများ လိုအပ်ချက်ကို သက်ဆိုင်ရာ ဌာနများနှင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။
လမ်းညွှန်မှာကြားချက်အရ ဆီဆိုင်မြို့တွင် ရုံးများပြန်လည်ဖွင့်နိုင်ရန်နှင့် စီမံအုပ်ချုပ်နိုင်သည့် အဆင့် ရောက်ရှိအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များတွင်လည်း တပ်ဖွဲ့ဝင်များ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့တာဝန်အလိုက် ဝန်ဆောင်မှုပိုင်းဆိုင်ရာ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆီဆိုင်မြို့ ကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးနိုင်ခြင်းဖြင့် ကျန်သည့်နယ်မြေ ဒေသများကလည်း နမူနာယူ ဆောင်ရွက်ရမည့် အနေအထားတစ်ခုဖြစ်အောင် ကြိုးစားရမည်ဖြစ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ် အဆင့်တာဝန်ရှိသူများ၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အထွေထွေဆွေးနွေးကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)