စက္ကူစက်ရုံ(ရေနီ)အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

စက္ကူစက်ရုံ(ရေနီ)အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ  ၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ရောက်ရှိပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဘေးထွက် ပစ္စည်းဖြစ်သည့် ကောက်ရိုးမှ တစ်ပိုင်တစ်နိုင် ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံး ပျော့ဖတ်ချက်အိုးငယ်ဖြင့် ကောက်ရိုးပျော့ဖတ်များ စမ်းသပ်ချက်လုပ်နေမှု၊ အသေးစားစက္ကူစက်   စစ်ဆေးပြုပြင်နေမှု၊ ပျော့ဖတ်ကြိတ်စက်၊ ကောက်ရိုးမှ ပျော့ဖတ်ချက်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်နိုင် ရေးအတွက် စီမံဆောင်ရွက်ခဲ့မှု၊ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စပါးစိုက်ပျိုးသည့် တောင်သူများ ဝင်ငွေတိုးတက်စေရေး၊ ဒေသခံများအလုပ်အကိုင် ရရှိစေရေးတို့အတွက် ကောက်ရိုးမှ ပျော့ဖတ် များထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် စက္ကူစက်ရုံ(ရေနီ)ရှိ ဓာတ်ခွဲ ခန်းသုံး ပစ္စည်းများကိုအသုံးပြု၍ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံ(ရေနီ)တွင် ယခင်က စက္ကူထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိဝန်ထမ်းများ ရှိပြီးဖြစ်၍ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများကို  ကောင်းစွာ အသုံးချရမည်ဖြစ်ကြောင်း၊ ယခုစမ်းသပ်ဆောင်ရွက်နေသည့် ကောက်ရိုးမှ  ပျော့ဖတ်ထုတ် လုပ်သည့် လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ပါက တောင်သူများ၊ MSME လုပ်ငန်းရှင်များ အတွက် ပျော့ဖတ်ထုတ်လုပ်သည့်စက်များ  ထုတ်လုပ်ပေးနိုင်ရေးအတွက် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံ များကို ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း။

ထို့ပြင် ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့် နည်းပညာများလွှဲပြောင်းပေးရေး ကိုလည်း စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ကောက်ရိုးမှထုတ်လုပ်သည့် ပျော့ဖတ်များဖြင့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောင်သူများ၊ MSME လုပ်ငန်း ရှင်များ၊ ဒေသခံပြည်သူများအလုပ်အကိုင်ရရှိ၍ ဝင်ငွေများတိုးတက်ရရှိပြီး လူမှုစီးပွား ဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များကို အလေးထားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကောက်ရိုးမှ ပျော့ဖတ်ထုတ် လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အပြည့်အဝဖြည့်ဆည်း ဆောင်ရွက် ပေးရန်၊ ကောက်ရိုးမှထုတ်လုပ်ထားရှိသည့် ပျော့ဖတ်များဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်နိုင်ရေး အတွက် အသေးစား စက္ကူထုတ်စက်ဖြင့် အမြန်ဆုံးထုတ်လုပ်ပြသရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)